(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ ကချင်ပြည်နယ်၌ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၄
၂၀၁၉ ခုနှစ် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအဆောက်အဦရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နိုင်ငံတော်အလံကို လွှင့်တင်ကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲကို ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အခမ်းအနားတက်ရောက် လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်း မှ သင်တန်းသား/သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ NGO များနှင့် ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြသည်။
Visitors: 14,444