နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက််ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း နှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီ တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဝင်းအတွင်းကျင်းပသည့် (၇၁)နှစ်မြောက် ကချင်ပြည် နယ်နေ့ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် အတူ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မနောပွဲဖြစ် မြောက်ရေး ကော်မတီဝင်များ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကပေးပို့သည့် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြု သဝဏ်လွှာ ကို ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် “ကချင်ပြည်နယ်နေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ကျွန်မ တို့ရဲ့ ပြည်ထောင်စုသားသမီးတွေ အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ဒီလို တိုင်းရင်းသားမျိုးစုံ စုဝေးနိုင်တယ်ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်းဖြစ်ပါတယ်။ ဂုဏ်ယူူစရာ၊ ဝမ်းသာစရာ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေး လိုအပ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာထဲမှာ အထူးပြော ကြားသွားပြီဆိုတော့ ကျွန်မအနေနဲ့ ထပ်ပြီး မပြောကြားတော့ပါဘူး။ ကျွန်မ ပြောကြားချင်တာကတော့ ဒီမနောကွင်းကြီးထဲစုဝေးတဲ့အခါ မနော ပွဲတွေရဲ့ ဇာစ်မြစ်ကို ပြန်ပြီးစဉ်း စားစေချင်ပါတယ်။ မနောပွဲတွေရဲ့ ဇာစ်မြစ်ဟာနတ် ကိုးကွယ်မှုနဲ့ ပတ်သက်နေပါတယ်။ ကိုးကွယ်တယ်ဆိုတာ ဘာကြောင့်ကိုးကွယ်တာလဲ။ နတ်တွေကို ကိုးကွယ် ကြတယ်။ ကိုယ်ယုံကြည်တဲ့ ဘုရားတွေ၊ ဘာသာတွေကို ကိုးကွယ်ကြတယ်။

“ကိုးကွယ်ခြင်းဆိုတာ အားကိုးခြင်းပါပဲ။ နတ်တွေ ကိုးကွယ်တယ်၊ နတ်တွေကို အားကိုးတယ်။ ဘုရားသခင်ကိုအားကိုးတယ်၊ ဘုရားသခင်၊ နတ်၊သိကြားတွေကတော့ ကျွန်မတို့ လူသားတွေကို မိမိကိုယ်မိမိအားကိုးစေချင်ကြပါတယ်။ မိမိကိုယ်မိမိ အားကိုး စေနိုင်တဲ့ အစွမ်းသတ္တိတွေ မွေးမြူ ဖို့ဆိုတာ ပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေရှိမှ ကျွန်မတို့နိုင်ငံကို ကျွန်မတို့ လိုချင်တဲ့တိုင်း ပြည်ကြီးတစ်ခုဖြစ်အောင် တည်ထောင်နိုင်မှာပါ။

“နိုင်ငံတော်အစိုးရဖြစ်စေ၊ ပြည်နယ်အစိုးရဖြစ်စေ၊ အစုအဖွဲ့တွေကခေါင်းဆောင် တွေပဲဖြစ်စေ ဦးဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်တိုင်းဟာ နေ၊ လကဲ့သို့ ကျင့်သုံးရမယ်ဆိုတဲ့ အဆိုလည်းရှိပါတယ်။ နေဆိုတာမနက်ထွက်လာတဲ့အခါ အလင်းရောင်ပေးတယ်။ အလင်းရောင်ပေးလို့ ရှေးခေတ် လူသားတွေက နေကိုပဲမျှော်ပြီးနေကြရတယ်။ တစ်ညတာပြီး သွားရင် အလင်းရောင်မှ လာပါ့မလား ဆိုပြီးစိုးရိမ်ပူပန်ကြရတယ်။

“နေထွက်လာတယ်ဆိုတာ အလင်းရောင်ရတယ်။ ရာသီဥတုချမ်းအေးတဲ့နေရာ တွေမှာဆိုရင် အနွေးဓာတ်ရတယ်။ ဒါပေမယ့် နေကတိုက်ရိုက်ထိုးနေရင်တော့ မသက်သာဘူး။ ဒါကြောင့် ဦးဆောင်မှု ပေးတဲ့လူတွေက နေလိုလလို ကျင့်သုံးရမယ်ဆိုတာ နေလိုကျင့်သုံးတဲ့နေရာမှာ အလင်းရောင်ပေးဖို့၊ နွေးထွေးမှုပေးဖို့ဖြစ်တယ်။ တိုက်ရိုက် ကြီးထိုးပြီး မျက်စိမသက်မသာ ဖြစ်အောင်လုပ် ဖို့မဟုတ်ဘူး။ ဒါကိုဦးဆောင်မှုပေးတဲ့သူ အားလုံးက နှလုံးသွင်းဖို့လိုပါတယ်။

“လလိုကျင့်သုံးရမယ်ဆိုတာ နေမရှိတဲ့အခါမှာ၊ နေဝင်သွားတဲ့အခါမှာ ရှေးလူသား တွေဟာ လကို အားကိုးရတယ်။ လကိုအားကိုးတော့ လနဲ့နေမတူတာက လကနေ့တိုင်း ထွက်တာ မဟုတ်ဘူး။ နေကလည်း နေတိုင်းထွက်တယ်ဆိုပေမယ့် မိုးအုံ့တဲ့အခါ၊ နှင်းတွေသိပ်သည်းတဲ့အခါ နေရောင် ခြည်ကို ရတာမဟုတ်ဘူး။ လကျတော့ လကွယ်ရက်၊ လပြည့်ရက်၊ ကြားရက်တွေ ရှိတယ်။ ဒါပေမယ့် ဘယ်တော့မဆို လကိုအချိန်မှန်မှန် ပြန်ပြီး ပေါ်ထွက်လာမယ်ဆိုပြီး လူသားတွေက မှန်းလို့ရတယ်။ လဆိုတာ တဖြည်းဖြည်း ဆန်းလာတယ်၊ နောက်ပြီးလကြီးက ပြည့်လာ တယ်၊ ပြည့်ပြီးတော့ တဖြည်းဖြည်းဆုတ် လာတယ်၊ ဆုတ်ပြီးတော့ ကွယ်သွားတယ်။ ကွယ်ပြီးရင်လည်း ပြန်ပြီးတော့ ပေါ်လာတယ်။ လူသားတွေက ခန့်မှန်းနိုင်တဲ့အခါ လကသစ္စာရှိတယ်လို့ ဆိုလို့ရ တယ်။ လရဲ့သစ္စာကို ယုံကြည်ကြ တယ်။

ဒီအတိုင်းပဲ ဦးဆောင်မှုပေးတဲ့လူတွေဟာ ကိုယ်ဦးဆောင်မှုပေးတဲ့သူတွေက ကိုယ့်ရဲ့သစ္စာတရား အပေါ်မှာ ယုံကြည်အောင် လုပ်နိုင်ရမယ်။ စကားတည်ရမယ်၊ ကိုယ် လုပ်ပေးမယ်လို့ပြောတဲ့ ကိစ္စ တွေကို ဖြစ်မြောက်အောင် လုပ်ပေးရမယ်။ သူ့အချိန်နဲ့ သူမျှော်မှန်းချက်တွေကို ဖြည့်ဆည်း ပေးရမယ်။ ဒါကြောင့် ကျွန်မတို့ ပြည်ထောင်စုသား အားလုံးဟာ တစ်နည်းအားဖြင့် လူတိုင်းဟာ ခေါင်းဆောင်ပဲဖြစ်တယ်။ လူတိုင်းဟာ နောက်လိုက်လည်းဖြစ်တယ်။ နောက်လိုက်လုပ်ရမယ့် အချိန်မှာ နောက်လိုက်လုပ်ရတယ်။ ခေါင်းဆောင်လုပ်ရတဲ့အချိန်မှာ ခေါင်းဆောင်လုပ်ရတယ်။ အဲဒီလို လုပ်မယ်ဆိုရင် ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက်အပေါ် အားကိုးနိုင်ခြင်းဟာ နတ် တွေ၊ ဘုရားတွေရဲ့ သဘောကျလည်းဖြစ်ပါတယ်။ နတ်တွေ၊ ဘုရားတွေ၊ သိကြားတွေက လည်း လူသားတွေဟာ ကိုယ့်ကိုယ်ကို မှန်မှန်ကန်ကန် အားကိုးနိုင်တဲ့ အခြေအနေကို ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုကချင်ပြည်နယ်နေ့မှာ မနောကွင်းမှာ စုစည်းပြီး ကချင် ပြည်နယ်နေ့ကို ကျင်းပနိုင်တယ်ဆိုတာ ကျွန်မတို့အားလုံးတစ်ဦးကို တစ်ဦးအား ကိုးပြီးတော့ တစ်ဦးရဲ့အင်အားကို တစ်ဦးကယူပြီး တစ်ဦးရဲ့အင်အားကို တစ်ဦးက ဖြည့်ဆည်းပေးပြီး ပြည်ထောင်စုကြီးရဲ့လမ်းကို ဆက်ပြီးလျှောက်သွားမယ်ဆိုတဲ့ သင်္ကေတလို့ ကျွန်မက ယူဆပါတယ်။

“ဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေဟာ တစ်ဖက်နဲ့တစ်ဖက် ပြန်ကြည့်လိုက်ရင် ဝတ်စုံတွေက လည်း မတူပါဘူး။ ဒီလိုတိုင်းရင်းသားတွေ စုစည်းပြီး ဝတ်စုံပေါင်း မြောက်များစွာနဲ့ တွေ့ရတဲ့အခါ ကျွန်မဝမ်းသာတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံပဲ၊ ကျွန်မ တို့ရဲ့ပြည်ထောင်စုပဲ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေဟာ တစ်ဦးနဲ့တစ်ဦး မတူပေမယ့် တစ်ဦးချင်း၊ တစ်ဦးချင်းဟာ သူ့ရဲ့လှပပုံလှပ နည်းနဲ့ လှပနေကြတယ်။

“ဒီလိုစုစည်းမှုရှိလို့သာ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုကြီးဖြစ်နေတယ်။ ဒီပြည်ထောင်စုဟာ ကျွန်မတို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန် မဖြစ်သေးဘူး။ ဒါကို ဖြစ်အောင်လို့ ကျွန်မတို့နိုင်ငံတော် အစိုးရသာမက ပြည်သူလူထု တွေအားလုံး ၀ိုင်းဝန်းပြီးတော့ ကြိုးစားဖို့လိုတယ်။ အစိုးရတစ်ခုတည်းကိုပဲ အားကိုးတယ်ဆိုတာ ဒီမိုကရေစီမဆန်ပါဘူး။ တကယ် တော့ ဒီမိုကရေစီဆိုတာ ပြည်သူလူထုပေါ်မှာ အခြေခံတဲ့စနစ်မို့ ပြည်သူလူထုရဲ့ အားကိုအစိုးရ တွေကပြန်ပြီးအားကိုးရပါတယ်။

“ကျွန်မတို့စုစည်းတဲ့အခါ ဘယ်တိုင်းရင်းသားအတွက် ဘယ်နေ့သာဖြစ်တယ် ဆိုတဲ့ စိတ်ဓာတ် မဟုတ်ဘဲ အခုကချင်ပြည်နယ်နေ့ဆိုရင် ကချင်ပြည်နယ်ထဲရှိတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့ သက်ဆိုင်တဲ့နေ့လည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ ပေါ်ပေါက်လာတာလည်း လွတ်လပ်ရေးနဲ့ တစ်နှစ်တည်း ပေါ်ပေါက်လာတာပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးသင်္ကေတလည်း ဖြစ်တယ်လို့ ပြောရင်လည်း မမှားဘူး။ ပထမဦးဆုံးက ချင်ပြည်နယ်နေ့ကို တက်ရောက်တဲ့ သမ္မတ ကြီးစပ်ရွှေသိုက်ဟာ ရှမ်းတိုင်းရင်းသားဖြစ်တယ်။ ဒီဟာကလည်း ပြည်ထောင်စုရဲ့ အနေအထားကို ဖော်ပြတာပဲ၊ ပထမဦးဆုံး ကချင်ပြည်နယ်နေ့ကိုတက်ရောက်တဲ့ သမ္မတကြီးဟာရှမ်း တိုင်းရင်းသား ဖြစ်တယ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေအားလုံးရဲ့ နေ့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘယ်တိုင်း ရင်းသား နေ့ဖြစ်ဖြစ်၊ ဘယ်ပြည်နယ်နေ့ဖြစ်ဖြစ် ကျွန်မတို့ ပြည်ထောင်စုဖွားတို်င်းရင်းသားတွေနဲ့ သက်ဆိုင်ပါတယ်။

“လူတစ်ဦးရဲ့ ခန္ဓာမှာလက်သန်းနဲ့ ခေါင်းနဲ့ ဘယ်ဟာပိုအရေးကြီးလဲဆိုရင် ခေါင်းကအရေးကြီး တယ်လို့ပြောပေမယ့် လက်သန်းနာရင်လည်း ခေါင်းကသိတယ်၊ ခေါင်းနာရင်လည်း တစ်ကိုယ်လုံး ကသိတယ်။ ဒါကြောင့် အားလုံးဟာတစ်ဦးပေါ် တစ်ဦးနားလည်မှုရှိပြီး တစ်ဦးရဲ့နာကျင်မှုဟာ နောက်တစ်ဦးနဲ့လည်း ဆိုင်တယ်ဆိုတဲ့ စိတ်မွေး ဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံသာ အေးချမ်းသွား မယ်ဆိုရင်၊ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုခဲ့တဲ့အတိုင်း ဆယ်နှစ် အတွင်းတောင် မဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင် သိသိသာသာအပြောင်းအလဲတွေ မြင်ရမယ်လို့ ယုံကြည်တယ်။ ပြည်တွင်းစစ်မီးတွေ အားလုံးငြိမ်းသွားပြီးတာနဲ့ တစ်နှစ်အတွင်းမှာ အပြောင်း အလဲတွေ ကို သိသိသာသာမြင်ရလိမ့်မယ်။

“ကျွန်မတို့လိုချင်တဲ့ ခိုင်မာတဲ့အခြေအနေကိုတော့ သမ္မတကြီးမိန့်ဆိုတဲ့အတိုင်း ပဲဆယ်စုနှစ် တစ်စုတော့ သေသေချာချာကြိုးစားပြီးစနစ်တကျခိုင်မြဲအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ဖြစ် ပါတယ်။ ခရီးတစ်ခုကိုစဖို့ဆိုတာ ပထမခြေလှမ်းက အရေးအကြီးဆုံးပါ။ ပြည်ထောင်စုကြီး တကယ်ခိုင်မာ၊ ဖွ့ံဖြိုးတိုးတက်ဖို့အတွက် စပြီးတော့လှမ်းမယ့် ခြေလှမ်းက ငြိမ်းချမ်းရေးခြေလှမ်း ဖြစ်တယ်ဆိုတာ ထပ်ပြီးတော့ သတိပေးပါရစေ။ ဒါကလည်းအမြဲပဲကြုံတိုင်းသတိပေးတဲ့ကိစ္စမို့ အထွေအထူးပြောဖို့မလိုပါဘူး။

“နိဂုံးအနေနဲ့ပြောချင်တာက ဒီလိုစုရုံးတဲ့အချိန်မှာပျော်ရွှင်တဲ့အချိန်အခါ တစ်ခုဖြစ် စေချင်ပါတယ်။ အားလုံးစိတ်ဓာတ်တက်ကြွဖို့်၊ အင်အားပြည့်ဝဖို့ အားလုံးကပျော်ပျော် ရွှင်ရွှင် မုဒိတာစိတ်နဲ့ တစ်ဦး ရဲ့ပျော်ရွှင်မှုအတွက် တစ်ဦးက ဝမ်းသာတတ်ဖို့ အဲဒီလိုစိတ် နဲ့ စုစည်းတဲ့နေ့မျိုး၊ အခမ်းအနားမျိုး ဖြစ်စေချင်ပါတယ်။ ကျွန်မအမြဲတမ်းဂုဏ်ယူတဲ့ ကိစ္စကငယ်ငယ်က အိမ်ဧည့်ခန်းနံရံမှာ ချိတ်ထား တဲ့ ဓာတ်ပုံတစ်ခုပါ။ မြစ်ကြီးနားမှာ ဖေဖေက ကချင်အမျိုးသမီးတွေနဲ့ ရိုက်ထားတဲ့ပုံပါပဲ။ အမျိုး သမီးတွေနဲ့ ရိုက်ထားလို့ ဂုဏ်ယူတာမဟုတ်ဘူး။ ဖေဖေကရွှင်ရွှင်ပြပြနဲ့ပြုံးရယ်ပြီး ရိုက်ထားတဲ့ ပုံမို့ပါ။ ဒီလို တိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီးတော့ ဘဝကို ရင်ဆိုင်ရတာဟာပျော်ရွှင်ဖွယ်ရာ ကောင်းတယ်၊ ကျေနပ်စရာကောင်းတယ်ဆိုတာပြနေတာပဲဖြစ်တယ်။ ဘာဖြစ်လို့ ဖေဖေက ဒီလောက်ပြုံးနေတာလည်းဆိုတာ ကျွန်မမေးဖူးပါတယ်။ ကျွန်မကိုပြောတာ တော့ ဓာတ်ပုံရိုက်တဲ့ အခါ တစ်ယောက်ကစတယ်တဲ့၊ ဗိုလ်ချုပ်ကတော်တွေ့ရင် စိတ်ဆိုးတော့မှာပဲ၊ ဗိုလ်ချုပ်ကို ကချင်အမျိုးသမီးတွေ ဝန်းရံပြီး ရိုက်ထားတာတွေ့ရင် စိတ်ဆိုးတော့မှာပဲဆိုပြီးပြောလို့ ဖေဖေက ပြုံးတယ်လို့ဆိုပါတယ်။

“ကျွန်မတို့အားလုံးဒီလိုနေ့မျိုးဟာပြုံးရွှင်စရာနေ့မျိုး၊ ညီရင်းအစ်ကိုမောင်နှမတွေ အားလုံးပြန်ပြီး စုံကြတဲ့ အခါမှာရွှင်လန်းစရာ၊ စိတ်ချမ်းသာစရာနေ့တစ်မျိုးလို့ နှလုံးသွင်း ပြီးဒီနေ့ ကချင်ပြည်နယ် နေ့မှာ ပြည်ထောင်စုသားအားလုံး၊ ပြည်ထောင်စုသားသမီးတွေ အားလုံးကျန်းမာကြပါစေ၊ ချမ်းသာ ကြပါစေ၊ ဘေးအန္တရာယ်တွေ ကင်းရှင်းပြီးကောင်း ကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေ၊ နှလုံး စိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။” ဟု ပြောကြားသည်။

ယင်းနောက် သိက္ခာတော်ရဆရာတော် ဂျုံးခေါင် က ကောင်းချီးမင်္ဂလာဆုတောင်း ပေးသည်။

ထို့နောက် နို်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးထုံဖူးဒဂုံ နှင့် ပွဲတော်ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ ဦးကင်ရောတန်ဂွန်းတို့က (၇၁) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်း အမှတ်ဂုဏ်ပြု မနောအကဆင်နွဲနိုင်ရန် မနောဝင်းကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး ရိုးရာ ယဉ်ကျေး မှုအဖွဲ့များနှင့်အတူ မနောပွဲကို ပါဝင်ဆင်နွဲကြသည်။

ထို့နောက် နို်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မနောအိမ်တော်သို့ရောက်ပြီး ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့အကြီးအကဲများ၊ မနောပွဲဖြစ်မြောက်ရေးကော်မတီဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက ကချင်ရိုးရာ ယဉ်ကျေးမှု မဂွန်းလစ် အစီအစဉ်ဖြင့် ဂါရဝပြု ကြသည်။

ယင်းနောက် ကချင်လူမျိုးများရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးထုံဖူးဒဂုံနှင့် ဒုတိယဥက္ကဋ္ဌ ဦးဖော်ရန်ဘောက်တောင် တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ဂါရဝပြုလက်ဆောင် မဂွန်းလစ် နှင့် (၇၁)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် ပန်းချီ ကား ကိုပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကြိုဆိုရေးအဖွဲဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကချင်ရိုးရာယဉ် ကျေးမှု အဖွဲ့ အကြီးအကဲများ၊ မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင် များသည် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အကြီးအကဲများ၊ မနောပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ရှိ ဘာသာရေး ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များအား Palm Spring ဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် KBC နှစ်ခြင်းအသင်းတော် တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးဇယ်ခေါင်၊ ရိုမန်ကက်သလစ်အသင်းတော် သာသနာတော်အတွင်းရေးမှူး ဘုန်းတော်ကြီး ဦးလွမ်ဒေါင်၊ ပြည်နယ်သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးညွှန့်ရွှေ၊ ကချင်ပြည်နယ် ငြိမ်းချမ်း မေတ္တာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါး/ ဟိန္ဒူဓမ္မအဖွဲ့ခွဲ (မြစ်ကြီးနား) ဥက္ကဋ္ဌ ဦးလုပ်ဗဟာဒူူး၊ ဂျိန်ဖော့မျိုးနွယ်စု အတွင်းရေးမှူး ဒူဝါအင်ဘောဘွမ်၊ တိုင်းဆာမျိုးနွယ်စုမှ ဦးစိုင်းမြင့်ကျော်နှင့် ဗမာမျိုးနွယ်စုဥက္ကဋ္ဌ ဦးသန်းနိုင် တို့က နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးစေလိုသည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ချက်ချင်း ဖြည့်ဆည်း ပေးနိုင်မည့်တင်ပြချက်များ၊ အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည့်တင်ပြချက်များနှင့် အချိန်ယူအလေး အနက်ထား ဆောင်ရွက်ရမည့်တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်း လင်းပြောကြားပြီး ဘာသာရေးခေါင်းဆောင်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များ၏ တင်ပြချက်များသည် ပွင့်လင်းစွာတင်ပြခြင်းဖြစ်သည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ တင်ပြခြင်းသည် မိမိတို့အပေါ်ယုံကြည်မှုရှိ၍ တင်ပြခြင်း ဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ မည်သည့်ကိစ္စရပ်မဆို ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှို်င်းမှ သာဖြေရှင်းနိုင်မည့်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း ဘာသာမတူ လူမျိုးစုမတူသော် လည်း ယခုကဲ့သို့ သင့်သင့်မြတ်မြတ် ယှဉ်တွဲနေထိုင်လုပ်ကိုင်လျက်ရှိကြသည်ကို မြင်တွေ့ရ၍ များစွာဝမ််းမြောက်မိပါကြောင်း၊ ဤသည်မှာ ပြည်ထောင်စု စိတ်ဓာတ်ပင် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တင်ပြချက်များအပေါ် ဆောင်ရွက် ပေးနိုင်သည်များကို အမြန်ဆုံး ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ပြည်သူကိုမလုပ်ပေးနိုင်ဘဲနှင့် လုပ်ပေးမည်ဟု ကတိမပြုပါကြောင်း၊ ကတိပေး ထားလျင်လည်း ဖြစ်မြောက်အောင်လုပ်ပေးမည်သာဖြစ်ပါကြောင်း၊ လုပ်ပေးနိုင် သည်ကိုသာ ကတိပေးပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွက် ကိုပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျှမျှတတဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကချင် ပြည်နယ် စည်းလုံးညီညွှတ်ရေးအ တွက်ယနေ့လာရောက် သည့် ကိုယ်စားလှယ်ကြီးများ၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အလွန်အရေးကြီးပါကြောင်း၊ ယခုလို အချိန်ပေး၍ လာရောက်ကြသည့် အတွက်ကျေးဇူးတင်ရှိပါ ကြောင်း၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြသည့် အတွက် ကျေးဇူးတင်ပါကြောင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှတ်(၁)အခြေခံပညာအ ထက်တန်း ကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်း (မလိခ)ဆောင်တွင် ပညာသင်ကြားလျှက်ရှိသည့် နဝမတန်း ကျောင်းသားကျောင်းသူများ၊ (ဆွမ်ပရာဘွမ်)ဆောင်တွင် ပညာသင်ကြားနေကြသည့် ပထမတန်း ကျောင်းသားကျောင်းသူများ၊ (ပိတောက်)ဆောင်တွင် ပညာသင်ကြားနေကြသည့် ဒုတိယတန်း ကျောင်းသားကျောင်းသူများနှင့် (ချယ်ရီ)ဆောင်တွင် ပညာသင်ကြားနေကြသည့် KG တန်းကျောင်းသားကျောင်း သူများနှင့်တွေ့ဆုံ၍ ပညာသင်ကြားသင်ယူမှုများနှင့် ပညာရည်တိုး တက်မှု အခြေအနေများ၊ သင်ထောက်ကူ ပစ္စည်းရရှိမှုအခြေအနေများ၊ အားကစားနှင့် အနုပညာ ကဏ္ဍသင်ကြား သင်ယူမှုအခြေ အနေများကို မေးမြန်းကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Palm Spring ဟိုတယ် ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ကချင်ပြည်နယ်ခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရသည့် အခြေအနေများ၊ ပြည်သူများ၏တင်ပြချက်များ၊ ဘာသာရေးခေါင်း ဆောင်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များ၏ တင်ပြချက်များ စသည်တို့အပေါ် ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ နှင့် ဒုတိယ ဝန်ကြီး က ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ အဖွဲဲ့တို့က ဆောင်ရွက်ရမည့်လုပ်ငန်းများကို လမ်းညွှန်မှာကြားသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ က တည်ခင်းဧည့်ခံသည့် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစား ပွဲသို့တက်ရောက် သည်။

ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ ၊ မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဝင်များ၊ တိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ တိုင်းရင်း သားယဉ် ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုညစာစားပွဲတွင် ကပြဖျော်ဖြေကြသည့် တိုင်းရင်းသားရိုးရာ ယဉ် ကျေးမှုအဖွဲ့များအား ဂုဏ်ပြုသစ်သီးခြင်းများပေးအပ်ကြပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီးနုတ်ဆက်သည်။
Visitors: 21,874