ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်နယ်ဝန်ကြီးချုပ် ပါဝင်ဆင်နွဲ

မြစ်ကြီးနား ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ နံနက်ပိုင်း ဒီဇင်ဘာနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ပါဝင်ဆင်နွှဲခဲ့သည်။
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို နံနက် ၆ နာရီတွင် ပြည်နယ်အားကစားကွင်း ရှေ့စုရပ်မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်တို့မှ သင်တန်း သား/သူများ၊ ရပ်ကွက်များနေ ပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀၀ ကျော်တို့သည် တစ်ပျော် တစ်ပါးစုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်၍ ကိုယ် လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ ကြသည်။ ထို့နောက် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ငွေကျပ်(၁)သိန်းဆု (၅)ဆု၊ (၅)သောင်း ဆု (၁၀)ဆုနှင့် အားကစားဝတ်စုံများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဲဖောက်၍ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း၌ ပြုလုပ်ကျင်းပမည့် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားအတွက် မုဒ်ဦးဆောက်လုပ် နေမှု၊ ဆိုင်ခန်းများနေရာချထားရေးနှင့် ကွင်းအတွင်းရှိ အဆောက်အအုံများ ပြုပြင်ဆောင်ရွက်နိုင် ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်သည် မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည့် ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကျင်းပပြုလုပ်နိုင်ရေးအတွက် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံ ပြင်ဆင်ဆောင် ရွက်နေမှု၊ ပင်မဝင်ပေါက် ပြင်ဆင်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Visitors: 9,355