မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် အမှတ်(၃၃)အဆန်၊ (၃၄)အစုန် လေအိတ်ပါ လူစီးအမြန်ရထား၌ စက်ခေါင်းသစ်၊ တွဲအသစ်များဖြင့် စတင်ပြေးဆွဲ

မြစ်ကြီးနား ဒီဇင်ဘာ ၂၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံချေးငွေ ဖြင့်တည်ဆောက်သည့် စက်ခေါင်းသစ်များနှင့် လေအိပ်ပါဘိုဂီတပ်ဆင်ထားသည့် လူစီးတွဲသစ်များအား လွှဲပြောင်းပေးအပ်ခြင်းနှင့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်း၌ အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန် လူစီး အမြန်ရထားစတင်ပြေးဆွဲခြင်းကို ယနေ့ မွန်းတည့် (၁၂)နာရီတွင် မြစ်ကြီးနားဘူတာ၌ ကျင်းပပြုလုပ် သည်။
ဦးစွာ စက်ခေါင်းသစ်များနှင့် လူစီးတွဲသစ်များလွှဲပြောင်းပေးအပ်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး HE.Mr. Hong Liang တို့ကအသီးသီး အမှာ စကားပြောကြားပြီး ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ CMC Co, မှ ဒုတိယဥက္ကဌ Mr. Zhao Jun တို့က တွဲဆိုင်းများတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် CMC Co, မှ ဒုတိယဥက္ကဌ Mr. Zhao Jun က တည်ဆောက်ပြီးစီးသည့် စက်ခေါင်းသစ်များနှင့် လူစီးတွဲသစ်များ၏ စာရွက်စာတမ်းများကို မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသူရိန်ဝင်းထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့က အမြန်ရထားစတင်ပြေး ဆွဲခြင်းအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြေးဆွဲမည့်ရထား၏ စက်ခေါင်းအား အမွှေးနံ့သာများ ပက်ဖျန်းပေး၍ ရထားတွင် လိုက်ပါစီးနှင်းကြမည့် ခရီးသည်များအား လိုက်လံနှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။
ယခု ပြေးဆွဲပေးမည့် အမှတ်(၃၃)အဆန်၊ (၃၄)အစုန် လေအိတ်ပါအထူးအမြန်ရထားသည် မန္တလေးဘူတာနှင့် မြစ်ကြီးနားဘူတာတို့မှ စတင်ထွက်ခွာပြီးလမ်းခရီး၌ ရွှေဘို၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ မိုးကောင်းဘူတာတို့တွင်ရပ်တန့်ပေးမှာဖြစ်သည်။ ခရီးစဉ်အစ/ဆုံး လက်မှတ်ခ အနေဖြင့် ရိုးရိုးတန်းအတွက် (၉၀၀၀/-)ကျပ်၊ အထက်တန်းအတွက်(၁၈၀၀၀/-)ကျပ်ဖြစ်ပြီးအဆိုပါတွဲဆိုင်းတွင် ရိုးရိုးတန်း(၈)တွဲ၊အထက်တန်း(၂)တွဲ၊ဘရိတ်တွဲ(၁)တွဲပါရှိမှာဖြစ်သည်။
အဆိုပါ အမှတ်(၃၃)အဆန်၊ (၃၄)အစုန် လေအိတ်ပါ အထူးအမြန်ရထားသည် မန္တလေးမှ နေ့လည်(၁)နာရီတွင် ထွက်ခွာပြီး မြစ်ကြီးနားသို့ နောက်တစ်နေ့နံနက် (၆)နာရီတွင်လည်းကောင်း၊ မြစ်ကြီးနားမှ နေ့လည်(၁၂:၄၅)နာရီထွက်ခွာပြီး မန္တလေးသို့ နောက်တစ်နေ့ နံနက်(၅:၄၅)နာရီတွင် လည်းကောင်း ရောက်ရှိမှာဖြစ်ပြီး ကြာမြင့်ချိန် (၁၇)နာရီသာရှိကြောင်းသိရှိရသည်။
Visitors: 15,637