ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား- မန္တလေး အသစ်ပြေးဆွဲမည့် လေအိတ်ရထားတွဲဆိုင်းသစ်များအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၈
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံချေးငွေ ဖြင့် တည်ဆောက်ပြီးစီးသည့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် စက်ခေါင်းအသစ်၊ လေအိတ်ပါ ဘိုဂီတပ်ဆင်ထားသည့်တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲမည့် အမှတ် ၃၃ အဆန်၊ ၃၄ အစုန် အမြန်ရထား သစ်ကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ရိုးရိုးတန်းတွဲနှင့် အထက်တန်းရထားတွဲများအတွင်း ပြင်ဆင်ထားသည့် အပြင်/ အဆင်များကို ကြည့်ရှုစစ်ဆေးကြရာ မြန်မာ့မီးရထားတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
အဆိုပါ လေအိတ်ရထားသစ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချေးငွေစီမံကိန်းဖြင့် စက်ခေါင်း တွဲ/ တွဲဆိုင်းများအား တည်ဆောက်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင် CMC မှ မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ရိုးရိုးတန်း ၈ တွဲ၊ အထက်တန်း ၂ တွဲ၊ ဘရိတ်တွဲ ၁ တွဲတို့ ပါဝင်ပြီး ရိုးရိုးတန်းတွင် ၈ တွဲတွင် ခရီးသည် ၅၄၄ ဦးနှင့် အထက်တန်း ၂ တွဲတွင် ခရီးသည် ၅၄ ဦးတို့ လိုက်ပါနိုင်မည်ဖြစ်သည်။
ရထားလက်မှတ်ဈေးနှုန်းများမှ ရိုးရိုးတန်း ၉၀၀၀ နှင့် အထက်တန်း ၁၈၀၀၀ ဖြစ်ပြီး မြစ်ကြီးနားမှ မန္တလေးသို့ အစုန်ရထားအဖြစ် မြစ်ကြီးနားဘူတာရုံမှ ၁၂ နာရီ ၄၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ကာ မိုးကောင်း၊ မိုးညှင်း၊ နဘား၊ ကောလင်း၊ ရွှေဘို ဘူတာရုံများတွင် ရပ်တန့်ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
Visitors: 17,770