ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက် ဖွင့်လှစ်အားပေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် ဥက္ကဋ္ဌဖလား၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဖွင့်လှစ် ခဲ့သည်။
ရှေးဦးစွာ ဒုတိယအကြိမ်ဥက္ကဋ္ဌဖလား၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မိုးလုံလေလုံ အားကစားခန်းမရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ကချင်ပြည်နယ်ရိုးရာ လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက အားကစားခန်းမအတွင်း ပထမပွဲစဉ်အဖြစ် အာရှကျည်ဆံ (ဆည်ဆံနဂါး)နှင့် အောင်ဟိန်းကျော် (ဇေယျာ)တို့ ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် တွဲဆိုင်း ၁၂ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကာ ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြန်မာမှ ဗျဂ္ဃနှင့် ထိုင်းမှ ဆမ်ခွန်၊ မြန်မာမှ နိုင်ဘိုနှင့် ထိုင်းမှ ပု(စ်)တဲ၊ မြန်မာမှ ရွှေရာမာန်နှင့် ထိုင်းမှ ဒွန်ဆန်ပေါင်တို့ တွဲဆိုင်းများအပါအဝင် မြန်မာ့လက်ဝှေ့ကလပ်အသင်းများမှ တွဲဆိုင်းများဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဂျင်ဆိုမင် အဆင့်မြင့် အားဆေးမှ အဓိက ပံ့ပိုးကူညီကျင်းပပေးကြောင်း သိရှိရသည်။
Visitors: 19,921