စီတာပူနှစ်ခြင်းအသင်းတော် နှစ်(၅၀)ပြည့် ရွှေရတုဂျူဗလီနှင့် ဗိမာန်တော်သစ်အနုမောဒနာ ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ စီတာပူနှစ်ခြင်းအသင်းတော် နှစ်(၅၀) ပြည့် ရွှေရတုဂျူဗလီနှင့် ဗိမာန်တော်သစ်အနုမောဒနာကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် အဆိုပါ ဗိမာန်တော်သစ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ဇနီးဒေါက်တာဂျောကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗိမာန်တော်သစ်အဆောက်အအုံကို သိက္ခာတော်ရဆရာတော်များက ဆုတောင်း ဆက်ကပ်ကြပြီး သိက္ခာတော်ရဆရာတော်ဂျွန်ဇန်ဂျုန်းခေါင်၊ မြစ်ကြီးနားခရိုင်နှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌသိက္ခာတော်ဆရာတော်လဖိုင်ဂျာနော်နှင့် စီတာပူနှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ ဦးဒခေါင်နော်ရမ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဗိမာန်တော်သစ်အတွင်း၌ ဆုတောင်းဆက်ကပ်ဝတ်ပြုခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းနှင့် အသင်းတော်တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ အား ရွှေရတုသဘင်နှင့် ကျေးဇူးတော်ချီးမွမ်းပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ် ချီးမြှင့်ပေးအပ်ကြပြီး ဗိမာန်တော်သစ်တည်ဆောက်ရာတွင် အလှူငွေထည့်ဝင် ပါဝင်ခဲ့ကြသည့် အလှူရှင်များ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ စီတာပူနှစ်ခြင်းအသင်းတော်ကို ၁၉၆၈ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ်(၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ရာ နှစ်(၅၀)ပြည့် ရွှေရတုဂျူဗလီပွဲတော်နှင့် ဗိမာန်တော်သစ် အနုမောဒနာ ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်တိုင် ဗိမာန်တော်သစ်အတွင်း ကျမ်းစာသင်ခြင်း၊ ဘုရားသခင်ထံ အပြစ်ဝန်ချခြင်းနှင့် ကောင်းကြီးမင်္ဂလာ တောင်းခံခြင်း၊ ဗိမာန်တော်သစ် အနုမောဒနာဝတ်ပြုခြင်း၊ ရွှေရတုဂျူဗလီကျေးဇူးတော်ချီးမွမ်းဝတ် ပြုခြင်း၊ ခရစ္စမတ်ဝတ်ပြုဆုတောင်းဆက်ကပ်ခြင်းများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဗိမာန်တော်သစ်သည် စတုရန်းပေအားဖြင့် ၆၀၀၀၀ ကျော် ကျယ်ဝန်းပြီး လူဦးရေ ၃၀၀၀ ကျော် ဝတ်ပြုဆုတောင်းနိုင်ကြောင်း သိရှိရသည်။
Visitors: 17,771