ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးသစ် ဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်အတွင်း အစားအသောက်နှင့် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ၏ ဘေးအန္တရာယ်ကင်းရှင်းမှု၊ အာနိသင်ထက်မြက်မှုနှင့် အရည်အသွေးကောင်းမွန်မှုတို့အတွက် စနစ် တကျဓာတ်ခွဲ၍ စစ်ဆေးကြီးကြပ်ကွပ်ကဲပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးသစ်ကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ရုံးသစ်အဆောက်အဦကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်နှင့် ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်ထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရုံးသစ်ဆိုင်းဘုတ်ကိုအမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြကာ ရုံးသစ်အတွင်း ရုံးအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းများနှင့် ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ယင်းနောက် ရုံးသစ်ဖွင့်ပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဦးစီးဌာနအနေဖြင့် ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ဘေးအန္တ ရာယ်ကင်းရှင်းတဲ့ အစားအသောက်၊ဆေးဝါး၊အလှကုန်နှင့် ဆေးပစ္စည်းများရရှိ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ခြင်းကို မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနဲ့ ရယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒီနေရာမှာ စာသင်ကျောင်းများတွင် မစားသုံးသင့်တဲ့ မုန့်ပဲသရေစာများ ရောင်းချခြင်းကို FDA အနေဖြင့် ပိုပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့ရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခဲ့သည်။
ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနကို ၂၀၁၃ ခုနှစ်မှ စတင်၍ ယာယီရုံးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ရာမှ ယနေ့တွင် ဓာတ်ခွဲခန်းများအပါဝင်၊ ရုံးအဖွဲ့နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် FDA အနေဖြင့် ကချင်ပြည်နယ်အတွင်း အစားအသောက်များကို စျေးကွက် မတင်မီစစ်ဆေးခြင်း၊ စျေးကွက်တင်ပြီးစစ်ဆေးခြင်း၊ ပညာပေး ခြင်းနှင့် ဆေးဝါးပစ္စည်းများကို နမူနာကောက်ယူစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကွင်းဆင်းစစ် ဆေးခြင်းနှင့် သက်တန်းလွန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
Visitors: 9,354