ဟိုပင်မြို့၌ မြို့တော်ခန်းမသစ်အဆောက်အုံနှင့် လယ်ယာသုံးစက်မှုကုန်စည်ပြပွဲကို ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဟိုပင်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီတည်ဆောက်လုပ်ပြီးစီးသည့် မြို့တော်ခန်းမသစ်အဆောက်အအုံနှင့် ဒေသခံတောင်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် လယ်ယာသုံးစက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ဟိုပင်မြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ရှေးဦးစွာ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်၌ ကျပ်သန်း ၄၇၀ ဖြင့် ဆောက်လုပ်ပြီးစီးသည့် အလျား ၁၆၄ ပေ၊ အနံ ၇၇.၆ ပေရှိ နှစ်ထပ် RC မြို့တော်ခန်းမအဆောက်အအုံသစ်အား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ခန်းမသစ်အတွင်း ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် မြို့တော်ခန်းမအဆောက်အအုံသစ်အား တာဝန်ယူဆောက်လုပ်ပေးသည့် မနော ဧကရီကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်ချိုလွင်ထွေးက အဆောက်အဦဆောက်လုပ်ပြီးစီးခဲ့မှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး မြို့တော်ခန်းမသစ်အဆောက်အဦနှင့် ပတ်သက်သည့် စာရွက် စာတမ်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းတို့ထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ဒေသခံလူထုကိုယ် စားကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။
ထို့နောက် အဆိုပါ အဆောက်အအုံသစ်ရှေ့ကွင်းပြင်၌ ဒေသခံတောင်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြသထားသည့် လယ်ယာသုံးစက်မှုကုန်စည်ပြပွဲကို ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဖွင့်လှစ်ပြသထားသည့် ဟိုပင်မြို့ရေပေး ဝေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြသမှု၊ လယ်ယာသုံးကုန်ပစ္စည်းများဖြစ်သည့် လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် စသည့်ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ပြသထားရှိမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြသည်။
Visitors: 19,921