ပြည်နယ်ဝန်ကြီးချုပ် MMA ကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အင်ဆန်အောင်လ၏ ကြေးရုပ်ထုဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၅
Mixed Martial Arts MMA Middle Weight and Light Heavyweigth ကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အင်ဆန်အောင်လ၏ ကြေးရုပ်ထုဖွင့်ပွဲနှင့် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မြန်မာ့အားကစားကမ္ဘာကို လွှမ်းစေရမည်ဆိုတဲ့ ဆောင်ပုဒ်နှင်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ယနေ့ ကချင်တိုင်းရင်းသား အင်ဆန်အောင်လက မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ အားကစားသမားဖြစ်လာသည့်အတွက် ဝမ်း မြောက်ဂုဏ်ယူမိပါတယ်၊ လူငယ်တွေအနေနဲ့လည်း အောင်လကို အတုယူပြီး အောင်လကဲ့သို့ နိုင်ငံဂုဏ် ဆောင် အားကစားသမားဖြစ်လာစေရန် ကြိုးပမ်းအားထုတ်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကြေးရုပ်ထုပြုလုပ်ဂုဏ်ပြုခြင်းနှင့် ပတ်သက်၍ ကချင်ရိုးရာယဉ်ကျေးမှုဗဟို ကော်မတီ ဥက္ကဋ္ဌ ဒူဝါထုံဖူးဒဂုဏ်က ရှင်းလင်းပြောကြားပြီး မြန်မာ့ဂုဏ်ဆောင် MMA ကမ္ဘာ့ ချန်ပီယံ အင်ဆန်အောင်လအား ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူများက ဂုဏ်ပြုရွှေတံဆိပ်ပေးအပ် ချီးမြှင့်ပေးခြင်း နှင့်အောင်လ၏မိခင်၊ဖခင်နှင့် ဇနီးနှင့်သားတို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြရာ အင်ဆန်အောင်လ ဒီကလူငယ်တွေအားလုံး တစ်နေ့ကျရင် ကမ္ဘာ့ချန် ပီယံလာဖြစ်နိုင်တယ်လို့ အားပေးတိုက်တွန်းစကားပြောကြားကာ ကိုယ်ခံပညာကို သရုပ်ပြကစားပြခဲ့သည်။
ယင်းနောက်တာဝန်ရှိသူများက ကရာတေးထူးချွန်ဆုရ ကချင်တိုင်းရင်းသား/သူ အားကစား သမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်နှင့် ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေး သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ခရစ်ယာန်ဓမ္မဆရာတော်များနှင့် ဘုန်းတော်ကြီး များက ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဂုဏ်တော်သီချင်းများ သီဆိုဆက်ကပ်ခြင်းနှင့် အင်ဆန်အောင်လ အတွက် ဂုဏ်ပြုတေးသီချင်းများ သီဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် အင်ဆန်အောင်လ၏ ကြေးရုပ်ထုကို ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ရိုးရာနှင့်ယဉ် ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒူဝါထုံဖူးဒဂုဏ်နှင့် ကချင်လူမျိုးများအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒူဝါလထော် ခွန်ဆိုင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ အင်ဆန်အောင်လ၏ ရုပ်ထုကို ကချင်တိုင်းရင်းသားလူငယ်များ အားကျအတုယူ၍ အနာဂတ် ကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင်အားကစားသမား ပေါ်ထွက်စေရန်နှင့် လူငယ်များ မူးယစ် ဆေးဝါးသုံးစွဲမှုများမှ အားကစားဘက် ကူးပြောင်းလာစေရန်နှင့် အမြဲသတိရမော်ကွန်းမှတ်တမ်းဝင် ကျန်ရစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာ ဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကချင်ရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။
Visitors: 15,637