မြစ်ကြီးနားမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ(၁၀)
ဘေးအန္တရာယ်ထိခိုက်မှုလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ဆုံးရှုံးနိုင် ခြေလျှော့ချနိုင်ရေးနှင့် စီမံခန့်ခွဲရေးကိုဆောင်ရွက်နိုင်စွမ်းရှိစေရန် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ခရိုင်နှင့် မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ရပ်ကျေးစာရေးဝန်ထမ်းများနှင့် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား ၁၀.၁၂.၂၀၁၈ ရက်နေ့မှ ၁၄.၁၂.၂၀၁၈ ရက်နေ့အထိ ၅ ရက်ကြာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ ရှေးဦးသူနာ ပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က အမှာ စကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ခရိုင်နှင့် မြို့နယ်များရှိ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများအနေဖြင့် ၎င်းတို့တာဝန်ကျနေထိုင်ရာ ဒေသအ သီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါက ဘေးအန္တရာယ်ထိခိုက်မှုလျော့ချရေးကို ပိုမို နားလည်လာစေပြီး ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရေးအတွက် ကြိုတင်သတင်း ပေး စီမံဆောင်ရွက်နိုင်စေရန်နှင့် ဘေးဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်နိုင်စေရန် ဖွင့်လှစ် ပို့ချပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

Visitors: 17,771