မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်

မြစ်ကြီးနား ဒီဇင်ဘာ(၈)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲတွင် ပြည်သူ့အားကစားကွင်း ရှေ့ သခင်နက်ဖေလမ်းစုရပ်မှ မြစ်ကြီးနားမြို့တွင်း စုပေါင်းလမ်းလျှောက်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/ သူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်အတန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား တစ်သောင်းကျော်တို့သည် စုရပ်သခင်နက်ဖေလမ်းမကြီးအတိုင်း ဆမားလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီးလမ်း အတိုင်း ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ အားကစားကွင်းအတွင်း၌ ကိုယ်ကာယကြံ့ ခိုင်မှုအတွဲ အမှတ်(၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
ယင်းနောက် မြန်မာ့ရိုးရာခြင်းအဖွဲ့မှခြင်းအလှပြခတ်ကြပြီး ကရာတေးအဖွဲ့တို့က ကရာတေး လေ့ကျင့်သရုပ်ပြခြင်းနှင့် ကျောင်းသူလေးများက အေရိုးဗစ် ကစားနည်းဖြင့် လေ့ကျင့်ကပြဖျော်ဖြေ ခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုငွေများကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
Visitors: 11,084