ကလေးစာပေပွဲတော် (မြစ်ကြီးနား) စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ(၄)
ကချင်ပြည်နယ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပမည့် ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကျင်းပရေး အစီအမံများနှင့် ပတ်သက် ၍ ယနေ့ မွန်းလွဲ(၂)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေးဆက်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကလေးစာပေပွဲတော်(မြစ်ကြီးနား)အောင်မြင်စွာကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပွဲတော်များ ကျင်းပဆောင်ရွက်ခဲ့သည့် အခြေအ နေများ၊ ကချင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည့် အစီအမံများနှင့် ပတ်သက် ၍ ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင် ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဌေးဝင်းက မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်သွားမည့်အခြေအနေများနှင့် စာပေပွဲတော်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး များက ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပွဲတော်အောင်မြင် စွာကျင်းပနိုင်ရေး ဆက်စပ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကို လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့မှ (၂၂)ရက်အထိ (၃)ရက်ကြာ မြစ်ကြီးနားတက္ကသိုလ်ဝင်း အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Visitors: 8,447