ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ လူဦးရေတစ်သောင်းကျော်ပါဝင်ဆင်နွဲ

မြစ်ကြီးနား ဒီဇင်ဘာ(၁)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲတွင် ပြည်သူ့အားကစားကွင်း ရှေ့ သခင်နက်ဖေလမ်းစုရပ်မှ မြစ်ကြီးနားမြို့တွင်း စုပေါင်းလမ်းလျှောက်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ကြီးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် အထက်အတန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား တစ်သောင်းကျော်တို့သည် စုရပ်သခင်နက်ဖေလမ်းမကြီးအတိုင်း မီးသတ်လမ်း ဆုံ၊ ထိုမှတစ်ဆင့် စည်ပင်သာယာလမ်း၊ အောင်ဆန်းလမ်း၊ ရုံးကြီးလမ်းအတိုင်း ပြည်သူ့အားကစား ကွင်းသို့ ဝင်ရောက်ကြကာ အားကစားကွင်းအတွင်း၌ ကိုယ်ကာယကြံခိုင်မှုအတွဲ အမှတ်(၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒုတိယဆုရ ပြည်နယ် အေရိုးဗစ်အသင်းက လေ့ကျင့်ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးတို့က ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 8,447