ကချင်ပြည်နယ်အတွင်း မက်သာဒုန်းဆေးကုသရေး လွှမ်းခြုံမှုတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မြစ်ကြီးနား နိုဝင်ဘာ(၂၈)
ကချင်ပြည်နယ်အတွင်း မက်သာဒုန်းကုသရေးလွှမ်းခြုံမှု တိုးတက်ကောင်းမွန်စေရန်နှင့် မူးယစ် ဆေးစွဲရောဂါကုသရေး အရည်အသွေးပြည့်မီစေရန်တို့အတွက် ယနေ့မွန်းလွဲ(၂)နာရီတွင် မြစ်ကြီးနား မြို့ Plam Spring ဟိုတယ်၌ ကချင်ပြည်နယ် မက်သာဒုန်းဆေးကုသရေး အလုပ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ကချင်ပြည်နယ်အတွင်းရှိ မက်သာဒုန်းဆေးခန်းများတွင် မက်သာဒုန်းသောက်သုံးနေသူပေါင်း ၇၀၀၀ ကျော်ခန့်ရှိနေကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း မက်သာဒုန်းဆေးကုသမှု လွှမ်းခြုံတိုးတက်ကောင်းမွန်စေရေးအတွက် တက်ရောက်လာသူအားလုံးက ပွင့်လင်းတက်ကြွစွာ ဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်းနှင့် ဒေသအသီးသီးမှ တွေ့ကြုံရသော အခက်အခဲများကို အကြံပြုဆွေးနွေးကာ ပေါင်းစပ်အဖြေရှာခြင်းဖြင့် ပိုမိုပြည့်စုံကောင်းမွန်သော လူတိုင်းလက်လှမ်းမှီ သော ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေး ဆောင်ရွက်သွားဖို့ရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် မူးယစ်ဆေးစွဲကုသရေးနှင့် သုတေသနဌာန (ရန်ကုန်) စိတ်ကျန်းမာရေး ဆေးရုံကြီးမှ တာဝန်ခံဆရာဝန်/ စီမံချက်မန်နေဂျာ ဒေါက်တာနန္ဒာမျိုးအောင်က မက်သာဒုန်းဆေး ကုသပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိဆေးရုံအုပ်ကြီးများ၊မြို့နယ်ဆရာဝန်များ၊တိုက်နယ် ဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိတ်ဖက် NGO ၊ INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၄၀)ကျော်တို့က ပြည်နယ်အတွင်း မက်သာဒုန်းတိုက်ကျွေးရေး လွှမ်းခြုံမှုမြှင့်တင်ရေးနှင့် လက်ရှိမက်သာဒန်း တိုက်ကျွေးနေမှု အခြေအနေများ၊ ART ဆေးနှင့် အသည်းရောင်အသားဝါ C ပိုးကုသရေး လွှမ်းခြုံမှုမြှင့်တင်ရန်၊ မူးယစ်ဆေးဝါးအသားထဲထိုး သွင်းလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရန်တို့နှင့် ပတ်သက်၍ ဒေသအသီးသီးရှိ တွေ့ကြုံရသည့် နည်းလမ်းများနှင့် ဖြေရှင်းရန်နည်းလမ်းများကို (၂)ရက်တာသွားမည်ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ အောင်မြင်သာ၊ ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ နမ္မတီး၊ ဖားကန့်၊ လုံးခင်း၊ ဆိတ်မူတို့တွင် မက်သာဒုန်း ဆေးခန်း(၁၈)ခုဖွင့်လှစ်ထားရှိပြီးမက်သာဒုန်းသောက်သုံးသူလူနာပေါင်း ၇၀၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။
Visitors: 8,447