အမျိုးသမီးများအကြမ်းဖက်မှုရပ်တန့်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ(၂၆)
အမျိုးသမီးများအကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ ဥပဒေဖြင့်ကာကွယ်စို့ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး ပွဲကျင်းပပြုလုပ်ခြင်းကို ယနေ့ နံနက်(၉)နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ကျား-မအခြေပြုအကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုရပ်တန့်ရေး အလေးထားပြီး အကြမ်းဖက်မှုရပ်တန့်ရေး အမျိုးသမီးများအသံ နားထောင်ပေး ဆောင်ပုဒ်နှင့်ဆောင်ရွက်သွားမည့် (၁၆)ရက်တာ လှုပ်ရှားမှုကစတင်ပြီး အမျိုးသမီးများအပေါ် လေးစား၊ တန်ဖိုးထားပြီး ကျား-မအခြေပြုအကြမ်းဖက်ခြင်းမှ အစပြုပြီး အခြားအကြမ်းဖက်မှုမျိုးစုံရပ်တန့်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကျား- မအခြေပြုအကြမ်းဖက်မှု အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ထွယ်လူငယ်အဖွဲ့ တို့က တေးသီချင်းသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြပြီး ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာအေးညို၊ ပြည်နယ်ဥပဒေရုံးမှ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်စံပယ်၊ လူကုန်တား ရဲတပ်ဖွဲ့မှ ရဲအုပ်နေမျိုးခန့်နှင့် UNFPA မှ ဒေါက်တာအိခိုင်ဇင်တို့က ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ ဥပဒေဖြင့်ကာကွယ်စို့ ခေါင်းစဉ်ဖြင့် စကားဝိုင်းပြုလုပ်၍ တက်ရောက်လာသူ များနှင့် အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ အမျိုးသမီးများ အရေးဆောင်ရွက်လျက်ရှိသည့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ NGO များ တက်ရောက်ခဲ့ကြသည်။
Visitors: 8,447