တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာထောက်ပံ့မှုပစ္စည်းများပေးအပ်လှူဒါန်း

မြစ်ကြီးနား နိုဝင်ဘာ(၂၁)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် လူနာချင်းစာနာထောက်ပံ့မှုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ နိုဝင်ဘာ(၂၀)ရက် မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပခဲ့သည်။
လှူဒါန်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်က လူသားချင်းစာနာထောက်ပံ့မှုပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ယခုလိုကြိုးပမ်းမှုမှတစ်ဆင့် လူနေမှုအခြေအနေနှင့် ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ ကောင်းမွန်လာစေရန် ကူညီပေးနိုင်ရေး မျှော်လင့်ကြောင်း ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကျေးဇူး တင်စကားပြောကြားသည်။
ယင်းနောက် နေရပ်စွန့်ခွာပြည်သူများအတွက် တရုတ်သံရုံးမှ ကချင်ပြည်နယ် မြစ်ကြီးနား ပတ်ဝန်းကျင်ဒေသများနှင့် ဆွမ်ပရာဘွမ်၊ပူတာအို၊ မချမ်းဘောမြို့နယ် သုံးခုမှ စစ်ဘေးရှောင်ပြည်သူများ ထံထောက်ပံ့သည့် မြန်မာငွေကျပ် သိန်း(၁၆၀၀) တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင်စသည့် ထောက်ပံ့ ပစ္စည်းများနှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းသို့ လှူဒါန်းသည့် မြန်မာငွေကျပ် သိန်း(၁၂၀)တန်ဖိုးရှိ ဆေးဝါးများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းနှင့် တရုတ်နိုင်ငံသံအမတ်ကြီးဟုန်လျန်တို့က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် နေရပ်စွန့်ခွာပြည်သူကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က တရုတ်နိုင်ငံသံအမတ်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်တာဝန်ရှိသူများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။
Visitors: 8,518