ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ(၂၁)
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ကြီးမှူးကျင်းပသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ အဋ္ဌမအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၉)နာရီခွဲတွင် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဝန်းသို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက် တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းကာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်အတွက် လှူဒါန်းသည့် ပဒေဿပင်ပေါင်း (၉၇)ပင် ၏ နဝကမဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုးငွေကျပ်(၂၇၃၀၀၅၀၀)တို့အတွက် လှူဒါန်းမှုအစုစုကို ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ ပြည်နယ်အစိုးရအဖွဲ့၏ အဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာမှ စုစုပေါင်း ပဒေဿပင် (၉၇)ပင်တို့ဖြင့် မြစ်ကြီးနားမြို့တွင်း စည်ကားသိုက်မြိုက်စွာလှည့်လည်ခဲ့ကြသည်။
Visitors: 8,518