ကချင်ပြည်နယ် ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ်ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ(၅)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်ကျင်းပမည့် ကချင်ပြည်နယ်ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ပညာရေးဌာန ပြည်နယ်ဦးစီးမှူးနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည် နယ်ဦးစီးမှူးဒေါ်ချိုနွယ်ဌေးဝင်းက ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ပြပွဲ/ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ၊ စာအုပ်စျေးရောင်းပွဲတော်များ၊ စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများဖြင့် ကျင်းပပြုလုပ်သွားမည့် အခြေ အနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်အောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များအလိုက် အသေးစိတ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းမှာကြားကာ ကလေးစာပေပွဲတော်အား လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ကလေးစာပေပွဲတော်များကို ခရိုင်မြို့ကြီးများအဆင့်အဖြစ် မြစ်ကြီးနား ခရိုင်၊ဗန်းမော်ခရိုင်နှင့်မိုးညှင်းခရိုင်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပူတာအိုခရိုင် တစ်ခုသာ ကျင်းပပြုလုပ်ရန် ကျန်ရှိသေးကြောင်း သိရှိရသည်။
Visitors: 8,518