မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းဌာန ဖွင့်လှစ်

မြစ်ကြီးနား နိုဝင်ဘာ (၄)
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ကုတင်-၅၀၀ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Myanmar Kindness Group တို့ပူးပေါင်း၍ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းဌာန (Hemodiaiysis Centre) ကို နိုဝင်ဘာ(၄)ရက် နံနက် (၈) နာရီတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းဌာနကို ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ Myanmar Kindness Group မှ နာယက ဒေါက်တာဆိုင်းလီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူတို့က လုပ်ငန်းဌာန၏ကမ္ဗည်းမော်ကွန်းစာကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အထွေထွေရောဂါကုဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခင်က ပြည်နယ်အတွင်းရှိ ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် ကျောက်ကပ်ဆေးဖို့ရန် မန္တလေးအထိသွားရောက်ခဲ့ကြရပါတယ်၊ ယခုဆိုရင် မိမိတို့ အိုး၊အိမ်မကွာ ကုသမှုခံယူနိုင်တော့မှာဖြစ်သည့်အတွက် ဒေသခံများအတွက်လည်း များစွာအဆင်ပြေပြီဖြစ်ပါကြောင်း နှင့် ကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မှာလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ နိုင်ငံတစ်ဝှမ်း ကျောက်ကပ်သွေး သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် Myanmar Kindness Group မှ နာယကဒေါက်တာဆိုင်းလီမှ လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လှူဒါန်းခဲ့သည့် ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်စိုးတို့မှလက်ခံရယူ ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသ ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ (၉.၆.၂၀၁၇)ရက်မှ ကျောက်ကပ်သွေးသန့်စင်လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအတွင်း ကျောက်ကပ်သွေးသန့်စင်သည့် အကြိမ်ရေ စုစုပေါင်း (၂၉၇)ကြိမ်နှင့် နာတာရှည်ကျောက်ကပ်လူနာ (၂၄)ဦးတို့အား ဆေးကြောဆောင် ရွက်ပေးနိုင်ခဲ့ကြောင်းသိရှိရပြီး ယခုအချိန်မှစတင်၍ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော ကျောက်ကပ်ဆေးစက်အလုံး (၂၀)ဖြင့် တွဲဖက် အသုံးပြုနိုင်သည့် ရေသန့်စက် (၁)လုံးနှင့် ကျောက်ကပ်သွေးသန့်စင်စက် (၁)လုံး၊ Myanmar Kind -ness Groupမှ လှူဒါန်းသောကျောက်ကပ်သွေးသန့်စင်စက် (၆)လုံး စုစုပေါင်း (၇)လုံးတို့ဖြင့် ကျောက်ကပ်သွေးသန့်စင်မှု လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ် ကြောင်းသိရှိရသည်။
ကုသမှုအနေဖြင့် အရေးပေါ်ကျောက်ကပ်ပျက်စီး၍ ကုသသည့် လူနာများအတွက် အားလုံးအခမဲ့ ဆောင်ရွက်ပေးပြီး နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များအနက် နွမ်းပါသည့်လူနာများကို နိုင်ငံတော် က ထောက်ပံ့သည့် ပစ္စည်းများဖြင့် အကြိမ်တိုင်း အခမဲ့ဆေးကြောပေးမည်ဖြစ်ကြောင်းနှင့် စရိတ်မျှပေး စနစ်ကျင့်သုံးတဲ့ လူနာများအတွက် (၃)ကြိမ်လျှင် (၁)ကြိမ် ဌာနမှ ထောက်ပံ့ပေးတဲ့ပစ္စည်းများနှင့် အခမဲ့ ဆေးကြောပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရှိရသည်။
Visitors: 8,528