မိုင်းထိခိုက်မိသူများအတွက် ကူညီပေးနိုင်ရေး အထောက်အပံ့အဖွဲ့အစည်းများ၏ လမ်းညွှန်စာအုပ်မိတ်ဆက်

မြစ်ကြီးနား အောက်တိုဘာ(၂၆)
ကချင်ပြည်နယ်အတွင်း မိုင်းဒဏ်သင့်သူများနှင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များအ တွက် ထောက်ပံ့ကူညီရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိနေပြီး ထိရောက်သော ကူညီပံ့ပိုးမှုများ ပေးနိုင်သည့် အဖွဲ့အစည်းများ၏ လမ်းညွှန်စာအုပ်မိတ်ဆက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့ Palm Spring Resort ဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါ လမ်းညွှန်စာအုပ်ကို ပြည်နယ်ဝန်ကြီးနှင့် ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း (DRC/ DDG) ၏တာဝန်ခံကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
လမ်းညွှန်စာအုပ်ပါ အချက်များနှင့်ပတ်သက်၍ ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း(DRC/DDG) ၏တာဝန်ခံကိုယ်စားလှယ် Mr.Pascal Simon က “ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မိုင်းအန္တရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိလာသူများကို ဘယ်လိုအဖွဲ့အစည်းမျိုးတွေဆီက ဘယ်လိုအကူညီမျိုးတွေ ရရှိနိုင်မယ်ဆိုတာကို ရှာဖွေပြုစုထားခြင်းဖြစ်ပါတယ်၊ စာအုပ်မှာ အပိုင်း(၃)ပိုင်းဖြစ်ပြီး အစိုးရဌာန ဆိုင်ရာများ၊ အစိုးရမဟုတ်သောဒေသခံအဖွဲ့အစည်း(NGOs)များနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း INGOs များ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးနေမှုတို့ကို ပြုစု လမ်းညွှန်ထားခြင်းဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။
အဆိုပါ စာအုပ်ကို ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း (DRC/DDG)အနေဖြင့် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်၍ မိုင်း အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် မသန်စွမ်းသူများအတွက် လိုအပ်ချက်များကို ကူညီ ထောက်ပံ့ပေးလျက်ရှိသည့် အစိုးရဌာနဆိုင်ရာများ၊ ဒေသခံလူမှုရေးအသင်းအဖွဲ့ (၄၅)ဖွဲတို့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း (၁၃)ခုတို့၏ စာရင်းများကို အင်္ဂလိပ်၊ မြန်မာ၊ ကချင်နှင့် ရှမ်း(၄)ဘာသာဖြင့် ပြုစု၍ ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်း အဆိုပါ လမ်းညွှန်စာအုပ်များကို ရပ်ကွက်/ကျေးရွာများထိ ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ယခုထက်ပိုမို အသိပညာ ပေးလုပ်ဆောင်ရန် လိုအပ်လျက်ရှိနေသေးကြောင်းနှင့် ကလေးသူငယ်များကြား မိုင်းထိခိုက်မှုဖြစ်စဉ် လျော့ချနိုင်ရေးအတွက်လည်း ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားနိုင်ရေး ပညာရေးဌာန နှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း DRD/DRC တာဝန်ခံကိုယ်စားလှယ်က ရှင်းလင်းပြော ကြားခဲ့သည်။
Visitors: 8,518