ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားလူငယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား အောက်တိုဘာ(၁၀)
ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားလူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးလာမှုရှိလာစေ ရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး၊ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ကချင် ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဖလား၊ ရှမ်းတိုင်းရင်းသား လူငယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၃)နာရီတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင်ရှမ်းတိုင်းရင်းသားရိုးရာတိုးနယားအကဖြင့်ကပြဖျော်ဖြေခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောက်က ရှမ်းတိုင်းရင်းသားလူငယ်များဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ကျင်းပပေးခြင်း သည် လူငယ်များအားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် နှင့် အားကစားလှုပ်ရှားမှုကို လေ့လာလိုက်စားခြင်းဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းလာနိုင်သကဲ့သို့ စိတ်ဓာတ်ရေးရာအရ ပျံ့လွင့်မှုမရှိဘဲ အတွေးအခေါ်ကောင်းများ လူမှုဆက်ဆံရေးပတ်ဝန်းကျင်ကောင်း များကို ဖန်တီးပေးနိုင်စွမ်းရှိသည့်အတွက် အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း က ဒေသအသီးသီးမှာရှိတဲ့ ရှမ်းတိုင်းရင်းသားလူငယ်များ အချင်းချင်းတွေ့ဆုံပြီး ချစ်ခင်ရင်းနှီးမှု တိုးစေလိုသည့်အတွက် အားကစားစိတ်ဓာတ်ဖြင့်ယှဉ်ပြိုင်ကစားကြပြီး နိုင်ငံဂုဏ်ဆောင် အားကစား သမားများ ဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားကြမည့် နောင်ခမ်းရှမ်းရွာအသင်းနှင့် ပူတာအိုအသင်းတို့ ပွဲစဉ်အား ပြည်နယ်ဝန်ကြီးက ဘောလုံးကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဖလား၊လူငယ်ဖိတ်ခေါ်ပြိုင်ပွဲကို ယနေ့စတင် ၍ နိုင်ဝင်ဘာလ(၃)ရက်နေ့အထိ နောင်ခမ်းရှမ်းရွာ၊ ပူတာအို၊ ဇီးကျွန်း၊ ဝိုင်းမော်၊ နမ္မတီး၊ ဗန်းမော်၊ စီတာပူရပ်ကွက်အသင်း၊မိုးကောင်း(ဒေဝကျောင်းတိုက်)၊ ဝိုင်းမော်+နောင်တာလော၊ ခတ်ချိုအသင်း တို့နှင့် ဝိုင်းမော်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း စသည့် ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ ရှမ်းတိုင်းရင်းလူငယ်များ ဘောလုံးအသင်း (၁၁)တို့က ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရှိရသည်။
Visitors: 8,518