ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ မေးခွန်းပေါင်း(၇၂၇)ခုနှင့် အဆို(၄၇)ခုကို အတည်ပြုခဲ့

မြစ်ကြီးနား အောက်တိုဘာ (၉)
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေးထိ မေးခွန်းပေါင်း (၇၂၇)ခုနှင့် အတည်ပြုခဲ့သည့် အဆို(၄၇)ခု ရှိခဲ့ကြောင်း ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် အစည်းအဝေး နဝမနေ့၌ လွှတ်တော်ရေးရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် ဖတ်ကြားတင်သွင်းခဲ့သည်။
လွှတ်တော်ရေးရာကော်မတီဖြစ်သည့် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များ၊အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီအဖွဲ့ဝင် ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတင်သွင်းရာတွင် အဆိုပါမေးခွန်းပေါင်း (၇၂၇)ခုအား ဝန်ကြီးများမှ ဖြေကြားရာတွင် ရန်ပုံငွေများတောင်းခံပေးသွားမည်ဟု ကတိပေးသွားသည်များကို တွေ့ရှိရကြောင်းနှင့် ယနေ့အချိန် အထိဝန်ကြီးများ ဖြေကြားသွားခဲ့သည့်ရန်ပုံငွေတောင်းခံသွားပေးမည့်အစီအစဉ်သည် အမှန်တကယ် တင်ပြတောင်းခံထားခြင်းအား လွှတ်တော်သို့ ပြန်လည်ပေးပို့ မည်ဆိုပါက ရ/မရကို သိရှိပြီး ပြည်သူ များကို ကိုယ်စားလှယ်များက ပြန်လည်ချပြပေးနိုင်မည်ဖြစ်ကြောင်း ဖတ်ကြားတင်သွင်းခဲ့သည်။
ဆက်လက်ပြီး လွှတ်တော်တွင် အတည်ပြုခဲ့သည့် အဆို(၄၇)ခုရှိကြောင်း၊ အချို့သောလုပ်ငန်း များ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသော်လည်း အချို့မှာ လုံးဝမဆောင်ရွက်ကြသေးကြောင်းကို လည်းသက်ဆိုင်ရာမဲဆန္ဒနယ်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရသိရှိရကြောင်း၊ အတည်ပြုထားသည့်အဆိုများမှ လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်နေမှုရှိ/ မရှိသိရှိပြီး အစီရင်ခံ စာတင်နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် ကိုယ်စားလှယ်အသီးသီးထံသို့ လုပ်ငန်းမဆောင်ရွက်ရ သေးသော ကတိဖြစ်ထားသည့် လုပ်ငန်းများကို ကော်မတီသို့ပေးပို့ရန် တောင်းခံထားသော်လည်း ပေးပို့လာခြင်းမရှိသည့်အတွက် နှစ်ချုပ်အစီရင်ခံစာ၌သာ အစီရင်ခံတင်ပြနိုင်တော့မည်ဖြစ်ကြောင်း ဖတ်ကြားတင်သွင်းခဲ့သည်။
ယနေ့အစည်းအဝေးတွင် မေးခွန်း(၁၂)ခုကို မေးမြန်းဖြေကြားခဲ့ကြပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့ မှတင်သွင်းထားသည့် “ကချင်ပြည်နယ် ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းနှင့် လွှတ်တော်ရေးရာကော်မတီဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ (၆)လအတွင်း လုပ်ငန်းဆောင်ရွက်မှုအစီ ရင်ခံစာအား တင်သွင်းခဲ့ကြသည်။
Visitors: 8,447