ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၉)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနဝမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄၇)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင်မိုးမောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာနှင့် မံပုံကျေးရွာချင်းဆက်လမ်းသည် (၃၀-၈-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မံပုံအင်းတာဘောင်ရေကျော်ကာ လမ်းတာဘောင်ရိုး (၁၇၀)ပေခန့်ရေတိုက်စားပြိုကျသွားခြင်းကြောင့် ကျေးရွာ(၂)ရွာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ရာ အရေးပေါ်ဘေးအန္တရာယ်ရန်ပုံငွေမှ ပြန်လည်တည်ဆောက်ပြုပြင်ပေးရန် အစီအစဉ်ရှိ /မရှိမေးခွန်း အားစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက အဆိုပါ လမ်းတာဘောင်အား ပြန်လည်ပြုပြင် ဆောင်ရွက်မည်ဆိုပါက ကျပ်သန်း (၁၅၀)ကုန်ကျမှာဖြစ်ပြီး သင့်လျော်သည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍မချမ်းဘောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးရားဝမ်ဂျုံး၏ မန်နိုကျေးရွာအုပ်စု၊ ဇော်ကန်ကျေးရွာသည် နှစ်ပေါင်းများစွာ သောက်သုံးရေအခက်အခဲကြုံတွေ့ နေရပြီး စိမ့်စမ်းရေသွယ်ယူရန်လည်း ပေပေါင်း(၁၂၀၀၀) ရှိကြောင်းကျေးရွာလူထုနှင့် ဝန်ထမ်းများ မှတင်ပြလာပါသဖြင့် တစ်နှစ်ပတ်လုံးသောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ပေးရန် အစီအ စဉ်ရှိ/မရှိမေးခွန်းများအား ပြည်နယ်ဝန်ကြီးက ရေအရင်းအမြစ်ရရှိနိုင်မှု အခြေအနေအား ကွင်းဆင်း တိုင်းတာပြီး အကျိုးပြုအိမ်ခြေနှင့်တွက်ချက်ကာ သင့်လျော်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြ တောင်းခံ၍ ရန်ပုံငွေရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ရာ အဆိုပါ မေးခွန်းများအပါအဝင် မေးခွန်း(၁၂)ခုကို မေးမြန်းဖြေကြားခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏“ကချင်ပြည်နယ် ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း”အား ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ရေးရာကော်မတီများဖြစ်သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ၏(၆)လအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတို့အား လွှတ်တော်သို့ တင်သွင်းခဲ့ကြပြီး အစည်းအဝေး နဝမနေ့ကို ရပ်နားလိုက်သည်။
Visitors: 8,447