ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၅)
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခေါ်မာဝူက ဆော့လော်မြို့နယ်၊ လာချင်အုပ်စု၊ ရှီရှီဒူခူကျေးရွာနှင့် လာချင်ကြားရှိ ဆားချို ကျေးရွာအောက်တွင် မြေပြိုပြီးလမ်းပိတ်ဆို့မှုကို နှစ်စဉ် မေလမှ စက်တင်ဘာအထိ မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်များတွင် ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေသည့် အတွက် ၄င်းတောင်အား မြေထိန်းနံရံ အရှည် ၁၂၀ပေ၊ အမြင့် ၂၀ ပေ တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ /မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရန်ပုံငွေတွင်ပါဝင်ခြင်းမရှိသည့်အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဖြင့် တက်လာသော NLD အစိုးရသစ်လက် ထက်တွင် အုပ်ချုပ်မှုစတင် လွှဲပြောင်းယူချိန်မှစပြီး ကချင်ပြည်နယ်အတွင်းသို့ ပြည်နယ်အစိုးရအဖွဲ့ နှင့်ချိတ်ဆက်ပြီး လူသားချင်းစာနာထောက်ထားပြီး ကူညီထောက်ပံ့နေသော Local NGO၊ INGO နှင့် CSO လူမှုအဖွဲ့အစည်းများ၊ လူတစ်ဦးချင်းအလှူရှင်များမှ ကူညီထောက်ပံ့သော ရန်ပုံငွေများ မည်မျှကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ခံရရှိပြီး မည်သို့စီမံခန့်ခွဲ ကူညီထောက်ပံ့ခဲ့သည်ကို သိရှိ လိုပါသည်၊ အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်နယ်လူမှုရေးဝန်ကြီးက Local NGO၊ INGO အဖွဲ့အစည်းများ၏ ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက် အပံ့များကို ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက်လက်ခံဆောင်ရွက်ခြင်းမရှိပါကြောင်းနှင့် ယင်းအဖွဲ့ အစည်းများကိုယ်တိုင်စီမံခန့်ခွဲမှုဖြင့်သာကူညီထောက်ပံ့လျက်ရှိပါကြောင်း၊ လူမှုအဖွဲ့အစည်းများနှင့်တစ်ဦးချင်းအလှူရှင်များ၏ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးရေးအတွက် အစိုးရအဖွဲ့သို့ လှူဒါန်းသည့် အလှူငွေများကို မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် (၁)တွင် ဘဏ်အကောင့်ဖွင့်လှစ်ပြီး အဆိုပါ လှူဒါန်းငွေများကို စနစ်တကျထိန်းသိမ်းထားရှိကာ IDPs Camp များ၊ ပရဟိတဂေဟာများ၊ အရေးပေါ်ထောက်ပံ့ရန် လိုအပ်သော လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အလှူငွေအဖြစ်၊ စားနပ်ရိက္ခာအဖြစ်၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများအဖြစ် ၄င်းတို့၏ လိုအပ်ချက်များအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိ ပါသည်။ အဆိုပါ ထောက်ပံ့သည့် ရန်ပုံငွေများကို ရငွေ၊ သုံးငွေစာရင်းဇယားများပြုစု၍ ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှစာရင်းစစ်ဆေးသည့်အခါတိုင်းစစ်ဆေးခံယူလျက်ရှိပါကြောင်းပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့က “ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ် ငန်းဥပဒေအား ကချင်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေဟု ပြင်ဆင်သည့် ဥပဒေကြမ်း”ကို တင်သွင်းပြီး အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းသည်။
ထို့နောက်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း ကို ဆက်လက်ဆွေးနွေးကြပြီး အစည်းအဝေး သတ္တမနေ့ကို ရပ်နား လိုက်သည်။
Visitors: 8,447