ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၂)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄၈)ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရ အဖွဲ့မှ တရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်များကို ၁၈.၆.၂၀၁၈မှ ၁၈.၉.၂၀၁၈ ရက်နေ့အထိ (၃)လ ဆိုင်ကယ် လိုင်စင်ဆောင်ရွက်ပေးနေပြီဖြစ်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအနေဖြင့် လိုင်စင်မဲ့သုံးဘီး ဆိုင်ကယ်များအားတရားဝင်လိုင်စင်ထုတ်ပေးမည်ဆိုပါကရန်ပုံငွေရရှိမည်ဖြစ်ပါသဖြင့် တရားဝင်လိုင်စင် ထုတ်ပေးမည့်အစီအစဉ်ရှိ/မရှိမေးခွန်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အများပြည်သူသိရှိနားလည်အောင် ဖားကန့်မြို့နယ်အတွင်းမဟာဓာတ်အားလိုင်းဖြန့်ဖြူးမှုအခြေအနေ၊ စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ပြည်နယ်အတွင်းရှိကျေးလက်နေတောင်သူများအာ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းများအပါအဝင် မေးခွန်း (၁၃)ခုကို မေးမြန်းကြရာသက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌက စိစစ်ချက်အစီရင်ခံစာကိုတင်သွင်းပြီး ကချင်ပြည်နယ်၏၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၍ အတည်ပြုလိုက်သည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၏ ယခုအစိုးရ၏ ကျန်ရှိသေးသည့် သက်တမ်းတွင် အနီးကပ်ဆုံးဘဏ္ဍာရေးနှစ်မှစ၍ ပြည်နယ်ဘတ်ဂျတ်ဖြင့် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့ မြို့ပတ် လမ်းပေ(၅၄၀၀)ကျော်ကိုကွန်ကရစ်လမ်းခင်းပေးနိုင်ရေး အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်ကမဲခွဲဆုံးဖြတ်ကာ အတည်ပြုကြောင်းဆုံးဖြတ်လိုက်ပြီး ရွှေကူမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက အဆို(၁)ခုကိုတင်သွင်းရာ ယင်းအဆို နှင့် စပ်လျဉ်း၍ တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော် တွင် လက်ခံဆွေးနွေးရန် မသင့်ကြောင်း ကန့်ကွက်သဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ ယင်းအဆိုအား လွှတ်တော်တွင်ဆွေးနွေးရန် မသင့်ကြောင်းဆုံးဖြတ်လိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ ကိုရပ်နားလိုက်သည်။
Visitors: 8,447