ဆွမ်ပရာဘွမ်မြို့နယ်အတွင်းမြို့နှင့်တစ်ပြေးညီ (၂၄)နာရီမီးလင်းရေး ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးပေးရန်အဆိုအား လွှတ်တော်တွင် အတည်ပြုဆုံးဖြတ်

မြစ်ကြီးနား အောက်တိုဘာ(၁)
ဆွမ်ပရာဘွမ်မြို့နယအတွင်း မြို့နှင့်တစ်ပြေးညီ(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ရေအားလျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ပါရန် အဆိုအား မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက်အစည်း အဝေးတတိယနေ့တွင် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။
ယင်းအဆိုကို အစည်းအဝေးဒုတိယနေ့တွင် ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ဆွမ်ပရာဘွမ်မြို့နယ်သည် တောင်တန်းဒေသဖြစ်သော် လည်း မြို့နှင့်တစ်ပြေးညီ (၂၄)နာရီ မီးလင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ရေအားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ပါရန် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက ပြည်နယ် အတွင်းရှိ မြို့ရွာများ လျှပ်စစ်မီးရရှိရေးသည် ပြည်နယ်အစိုးရအဖွဲ့၏ ရည်မှန်းချက်ဖြစ်ပါကြောင်း၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းလျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနဖြင့် ရေရင်းအမြစ်ရှာဖွေတိုင်းတာစေခဲ့ပါကြောင်း၊ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ ပဏာမစူးစမ်းတိုင်းတာစစ်ဆေးချက် အစီရင်ခံစာအရ ဆွမ်ပရာဘွမ်မြို့အား ရေအား လျှပ်စစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝါစပ်ခချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အသေးစိတ်ပြန်လည်တိုင်းတာစစ်ဆေးခြင်း၊ ဘူမိဗေဒအနေအထားအရဒီဇိုင်းရေးဆွဲခြင်းနှင့် ကုန်ကျမည့် ခန့်မှန်းတွက်ချက်မှုစာရင်းကို မှန်ကန်စွာတွက်ချက်ခြင်းများဆောင်ရွက်ရန် လိုအပ်သဖြင့် အကောင်းဆုံး သုံးသပ်ဆုံးဖြတ်နိုင်ရေးတို့အတွက် ထပ်မံ၍ အသေးစိတ် ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ် ပွင့်လင်းရာသီအတွင်း နယ်မြေတည်ငြိမ်မှုအပေါ်မူတည်၍ ရေအား လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် အသေးစိတ်တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ရေး ညွှန်ကြားဆောင် ရွက်သွားမည် ဖြစ်ပါသည်။ ကွင်းဆင်းတိုင်းတာ စစ်ဆေးရေးအဖွဲ့၏ တင်ပြချက်အစီရင်ခံစာတင်လာ ပါက ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် အဆိုအား ထောက်ခံအတည်ပြုပါကြောင်း ဖြေကြားခဲ့ရာ ပြည်နယ်လွှတ်တော်က အဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညနေ(၆)နာရီခွဲမှ ည(၉)နာရီခွဲ အထိ မီးပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာနကို ပဏာမကွင်းဆင်းတိုင်းတာစစ်ဆေးစေကြောင်း၊ကွင်းဆင်းတိုင်းတာစစ်ဆေးရေးအဖွဲ့၏ ပဏာမ စူးစမ်းတိုင်းတာစစ်ဆေးရေး အစီရင်ခံစာအရ မြို့နယ်အတွင်းရှိ ဖုန်အင်ခ၊ ဖုန်ကျန်းခချောင်းတို့မှာ ရေဆင်းဧရိယာကျယ်ပြန့်ပြီး ချောင်းကြမ်းပြင် လျှောစောက်ပြေပြစ်ခြင်း၊ ရေအားအမြင့်နည်းပါးခြင်း၊ ချောင်းကျယ်များဖြစ်နေခြင်းကြောင့် ရေလွှဲဆည်ဆောင်ရွက်ရမည့်လုပ်ငန်း ပမာဏကြီးမားခြင်းစသည့် အခြေအနေများကြောင့် တည်ဆောက်ချိန်ကြာမြင့်နိုင်ကြောင်း သိရှိရသည်။
ထို့အပြင် ဝါစပ်ခချောင်းအနေဖြင့် မြို့နှင့်အနီးဆုံးဖြစ်ပြီး (၁၁)ကေဗွီဓာတ်အားလိုင်းတည်ဆောက် ရာတွင်လည်း (၅)မိုင်ခန့်သာ တည်ဆောက်ရန် လိုအပ်သဖြင့် အကုန်အကျနည်းပါးခြင်းတို့အပြင် (၃၀၀) ကီလိုဝပ်ထွက်ရှိနိုင်သဖြင့် အဆိုပါချောင်းမှ အသေးစားရေအား လျှပ်စစ်စက်ရုံတည်ဆောက်နိုင်ပါက မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးအပြည့်အဝရနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး၏ ဖြေကြားချက်အရ သိရှိရသည်။
ယနေ့ အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၁၂) ခုကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းနှင့် မံစီမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းက မံစီမြို့နယ်၊ပန်ခမ်းကျေးရွာအုပ်စုနှင့် တရုတ် နိုင်ငံ နယ်ခြားကျောက်တိုင် (၅၃/၀) (၅၃/၁)(၅၃/၃)စသည့် ကျောက်တိုင်များပျောက်ဆုံးနေမှုအား ပြန်လည်တိုင်းတာစိုက်ထူနိင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းလိုက်ပြီး အစည်းအဝေးတတိယနေ့ကို ရပ်နားလိုက်သည်။
Visitors: 8,518