ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတင်ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ(၂၇)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက်(၁၀)နာရီတွင်မြစ်ကြီးနားမြို့၊ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြသည်။
ပထမဦးစွာ အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များကို ခွင့်တိုင်ကြား ရာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၅၃)ဦးအနက် (၄၆)ဦးတက်ရောက် သဖြင့် အစည်းအဝေးတက်ရောက်ခွင့်ရှိသူအားလုံး၏ (၈၈.၆၇%) ရှိသဖြင့် အစည်းအဝေးအထမြောက် ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ယင်းနောက် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ(ခ) ဦးဇခေါင်းရယ်က ဆဒုံး-လုထောင်-ဆဂါကျေးရွာချင်းဆက် ကုန်ထုတ်လမ်း (၂)မိုင် (၄)ဖာလုံခန့်နှင့် မြစ်ကြီးနား-ကန်ပိုက်တီ ပြည်ထောင်စုလမ်းမကြီးပေါ်မှ ခွဲထွက်သွားသည့် ဝေ့မာ-လုထောင်-လငန်ကျေး ရွာချင်းဆက်ကုန်ထုတ်လမ်း (၄)မိုင်ကို လမ်းအူကြောင်းချဲ့ကျောက် ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးကိုယ်စား လမ်းပန်းဆက်သွယ်ရေးလျှပ်စစ် နှင့်စက်မှုလက်မှုဝန်ကြီးကဆဒုံး-လုထောင်-ဆဂါလမ်းအား လုံခြုံရေးအခြေအနေအရလတ်တလောတွင် ဆောင်ရွက်ရန်အစီအစဉ်မရှိသေးပါကြောင်းနှင့် ဝေ့မာ-လုထောင်-ဆဂါလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်(ခ) ဦးခန်လင် ကချင်ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထားဘူတာရုံကြီးအား နန်းကွေ့ဘူတာ (သို့)အခြားသင့်လျော်သော မြို့ပြင်ပနေရာသို့ မြန်ဆန်စွာပြောင်းရွှေ့နိုင်ရေး အစီအစဉ်ရှိ/မရှိသိလိုပါ ကြောင်းမေးခွန်းအားပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက ဘူတာကြီး အားပြောင်းရွှေ့ဆောင်ရွက်မည်ဆိုပါက အချိန်ယူဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် အစိုးရအဖွဲ့အနေဖြင့်အများပြည်သူဘေးအန္တရာယ်ကင်းစေရေးနှင့်ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် စီမံချက်များရေးဆွဲပြီး မြို့တွင်းလမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် လတ်တလောရွှေ့ပြောင်းပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားခဲ့ပြီး စသည့်မေးခွန်း များအပါအဝင်မေးခွန်း(၁၂)ခုကိုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို တင်တွင်းရာ လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းသည်။ ဆက်လက်၍ ပြည်နယ်အစိုးရဖွဲ့၏ ၂၀၁၈ ခုနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ကို ထပ်မံတင်သွင်းပြီး ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်က ယခုအစိုးရ၏ ကျန်ရှိသေးသည့်သက်တမ်းတွင် အနီးကပ်ဆုံးဘဏ္ဍာရေးနှစ်မှစ၍ ပြည်နယ်ဘတ်ဂျတ် ဖြင့် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့ မြို့ပတ်လမ်း ပေ (၅၄၀၀) ကျော်ကို ကွန်ကရစ်လမ်းခင်းပေးနိုင် ရေးအဆိုကို တင်သွင်းလိုက်ကာ အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်သည်။
Visitors: 8,518