မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

 မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၄

          မြစ်ကြီးနားတက္ကသိုလ်ရှိ ကျောင်းသား/သူများအား စာပေပညာရပ်တွင်သာမက ဘက်စုံ ထူးချွန်သူများဖြစ်စေရန်နှင့် အဆိုဝါသနာရှင်များအား ထူးချွန်သော အဆိုပညာရှင်များအဖြစ် မွေးထုတ်‌ပေးနိုင်ရေး တက္ကသိုလ်၏ အနုပညာလှုပ်ရှားမှုအစီအစဥ်တစ်ရပ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉နာရီ အချိန်က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးသည်။

          ရှေးဦးစွာ သီချင်းဆိုပြိုင်ပွဲကော်မတီဝင် ပါမောက္ခ၊ ဆရာ/ဆရာမ များက မြကျွန်းညိုညို တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ယင်းနောက် ပြည်နယ်အစိုးရဖွဲ့လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ‘တက္ကသိုလ်ဟူသည် အားကစား၊ စာပေနှင့်အနုပညာ ဘက်ပေါင်းစုံ ထူးချွန်သော ပုဂ္ဂိုလ်များ ပေါ်ထွက်ရာနေရာဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဆိုပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ များအနေဖြင့် စာပေပညာရပ်များအားကြိုးစားလေ့လာဆည်းပူးကာ မိမိတို့ဝါသနာပါရာ အဆို ပညာရပ်တွင်လည်း  အဆိုဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်သို့ရောက်ရှိအောင် အစဥ်တစိုက် ကြိုးစားအားထုတ်ကြရန်’ တိုက်တွန်းအမှာစကားပြောကြားသည်။

         ဆက်လက်၍ အဆိုပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဥ်း၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ‌‌ဒေါက်တာအောင်ဝင်းနှင့် သီချင်းဆိုပြိုင်ပွဲကော်မတီဥက္ကဌဒေါက်တာချိုချိုတင့်တို့က အသီးသီး အမှာစကားများပြောကြားပြီး အကဲဖြတ်ပေးမည့် ကချင်အနုပညာရှင်အသင်းချုပ်မှ ဂီတပညာရှင် ဒိုင်လူကြီးများအား မိတ်ဆက်သည်။

         ထို့နောက်သီချင်းဆိုပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဘာသာရပ်ပေါင်းစုံမှအဆိုဝါသနာရှင် ကျောင်းသား/သူ(၃၀)ဦးတို့က တက္ကသိုလ်နှင့်စပ်ဆိုင်သော၊ထင်ရှားကျော်ကြားခဲ့သောတက္ကသိုလ် အငွေ့အသက်ရ လွမ်းမောဖွယ်တေးသီချင်းများအား အသီးသီး သီဆိုယှဥ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၂)ဆုအဖြစ် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ဆုရရှိသော ကျောင်းသား/သူများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။