ကချင်ပြည်နယ်လွှတ်တော်ဉက္ကဌနှင့် စည်ပင်သာယာရေးဝန်ကြီး ဆင်ဘိုမြို့နေဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဆင်ဘို သြဂုတ် (၂၉)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့၌ ဒေသအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ပတ်သက်၍ သြဂုတ်(၂၈)ရက်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းတို့က ဒေသခံပြည်သူများ၊ တောင်သူများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူသော ဒေသခံများရပ်မိရပ်ဖများ၊ တောင်သူများက ရပ်ကွက် ကျေးရွာအုပ်စုများအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆင်ဘိုမြို့၌ ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူဦးရေ (၇၀၀)ဦးအနက် လယ်ယာမြေပုံစံ (၇)ရရှိပြီး တောင်သူဦးရေ အနည်းငယ်သာ ရှိသည့်အတွက် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ချေး ပေးခြင်းကို အဆိုပါတောင်သူများ သာရရှိကြပြီး အခြားတောင်သူများမှာ ပြင်ပအတိုးနှုန်းကြီးမြင့်စွာ ဖြင့် စိုက်ပျိုးလုပ်ကိုင်ရသည့် အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အသက်သွေးကြော သဖွယ်လိုအပ်နေသည့် ဆင်ဘို-မြစ်ကြီးနားခရိုင်ချင်းဆက် လမ်းအား အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြခဲ့ကြပြီး ဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာ ဌာနများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြရာ တင်ပြဆွေးနွေးချက် များအပေါ် လွှတ်တော်ဉက္ကဌနှင့် ပြည်နယ်ဝန်ကြီးတို့က ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် လွှတ်တော်ဉက္ကဌနှင့်ပြည်နယ်ဝန်ကြီးတို့က ဆင်ဘိုဒေသရှိ အခြေခံပညာအထက် တန်းကျောင်း၊ ပြည်သူ့ဆေးရုံ၊ ခရစ်ယာန်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းများသို့ သွားရောက်ကာ ဆန်အိတ်များ၊အဝတ်အထည်များနှင့်ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Visitors: 8,518