ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား သြဂုတ်(၂၅)
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အစိုးရအဖွဲ့၏ နှစ်နှစ်တာကာအတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသို့ပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ် သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်နေမှုများ၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် အစီအမံများချမှတ် ဆောင်ရွက် နေမှုများကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင်သတင်းပေးကြရန်လိုကြောင်း၊ နှစ်နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၈၀၀)နီးပါးခန့်ကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ပြည်နယ်အနှံ့ မီး လင်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေသည်ကို အသိပေးလိုကြောင်း၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပြည်နယ်သူ/သားများ ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုဥပဒေနှင့်အညီစိစစ်ဆောင် ရွက်လျက်ရှိသည့်အခြေအနေများနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများ အဆင့်မြှင့်တင်သွားမည့် အခြေအနေများ နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးစီမံဆောင်ရွက်နေမှုများနှင့် လယ်ယာမြေများနှင့် ပတ်သက်၍ တိုင်ကြားစာများကို စိစစ်ဆောင်ရွက်ပြီး ပြန်လည်လွှဲအပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်နယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်းကောင်း မိမိတို့အစိုးရတစ်ရပ်တည်းသာမက ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြိုး စားပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက်အခမ်းအနားတက်ရောက်လာကြသည့် မြို့မိ/မြို့ဖများ၊နိုင်ငံရေးပါတီဝင်များ၊ဘာသာရေး အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများကကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ၊ ဌာနဆိုင်ရာ များဝန်ထမ်းများအားပြုပြင်တည့်မတ်ပေးရေး၊ တစ်ရှုးငှက်ပျောကိစ္စ၊ လမ်း၊ တံတားလိုအပ်ချက်များ၊ မီးလင်း ရေး၊ လယ်ယာမြေများကိစ္စရပ်များ၊ မြစ်ဆုံကိစ္စနှင့် နန်ကျင်စီးပွားရေးဇုံကိစ္စရပ်များ၊ စည်းကမ်းမဲ့မော်တော် ယာဉ်များကိစ္စ၊ရေထိန်းနံရံများဆောင်ရွက်ပေးရေး၊ မြေဂရန်များလျင်မြန်စွာရရှိရေးစသည့်တို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြားကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြိုဖများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Visitors: 8,447