အများပြည်သူယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး မြို့တွင်းလမ်းဆုံနေရာများ၌ မီးပွိုင့်များတပ်ဆင်ဆောင်ရွက်မည့် အခြေအနေကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ်(၁၈)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြို့နေလူဦးရေနှင့်အညီ တိုးတက်များပြားလာသော မော်တော်ယာဉ်များကြောင့် အများပြည်သူယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးနှင့် မြို့အင်္ဂါ ရပ်နှင့်အညီ လမ်းဆုံနေရာများ၌ မီးပွိုင့်များတပ်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တပ်ကုန်းတောင်ရပ်ကွက်ရှိ လမ်းသွယ်(၁၃)ကို ကတ္တရာလမ်းခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဧရာရပ်ကွက်၊ မြန်မာ့စီးပွား ဘဏ်ထောင့်ရှိ ထရန်စဖော်မာအား လမ်းနယ်နေရာမှ ရွှေ့ပြောင်းတပ်ဆင်နိုင်ရေးအတွက် တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဧရာရပ်ကွက်ရှိ ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်းဆုံနေရာ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မီးပွိုင့်တပ်ဆင်နိုင်ရေးနှင့် လမ်းတိုးချဲ့ဆောင်ရာတွင် မီးတိုင်နှင့် ဖုန်းကြိုးတိုင် များရွှေ့ပြောင်းစိုက်ထူဆောင်ရွက်နေမှုနှင့် မြို့သစ်နာရီစင်လမ်းဆုံနေရာ၌မီးပွိုင့်တပ်ဆင်ဆောင်ရွက် မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မြေမြင့်ရပ်ကွက် မိုင်တဲကွေ့နေရာ၌ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သာယာလှပစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မီးသတ်ရုံးရှေ့မှ လေယာဉ်ကွင်းရှေ့ထိ လမ်းမီးတိုင်များ စိုက်ထူဆောင်ရွက်မည့်အခြေအနေကို ညှိနှိုင်းဆွေးနွေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးတိုင်းတာ၍ စနစ်တကျစိုက်ထူ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်သည် မီးပွိုင့်တပ်ဆင်ဆောင်ရွက်မည့် မြို့သစ်ကြီးရပ်ကွက် ဒန်ဖလားကြီးကွေ့လမ်းဆုံနေရာနှင့် ခေမာသီရိရပ်ကွက်၊လမ်းသွယ်(၁၃)အနီးရှိ ပင်မရေနှုတ်မြောင်း ဆောင်ရွက်နေမှု၊အမှတ်(၂)ရဲစခန်းအနီး လမ်းဆုံနေရာ၌ မီးပွိုင့်တပ်ဆင်ဆောင်ရွက်မည့် အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးပွိုင့်များတပ်ဆင်မည့် လမ်းဆုံနေရာများ၌ လမ်းများတိုးချဲ့ဆောင်ရွက်ရာတွင် အများပြည်သူယာဉ်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင် ရွက်သွားကြရန်နှင့် လမ်းနယ်မလွတ်သည့် ထရန်စဖော်များ၊ မီးတိုင်များနှင့် ဖုန်းတိုင်များအား စနစ်တကျ ရွှေ့ပြောင်းစိုက်ထူနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Visitors: 8,447