ကျောင်းအခြေပြုငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပြီး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

မြစ်ကြီးနား သြဂုတ်(၁၃)
ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းတွင်းရှိ ဝန်ထမ်းများအနေဖြင့် ဖျက်ဆီး မှုစွမ်းအားပြင်းထန်သော မြေငလျင်လှုပ်နေချိန်နှင့်လှုပ်ပြီးနောက်တွင် ဘေးကင်းလုံခြုံမှုအား သေချာ မှုရှိစေရန်၊ အင်အားပြင်း မြေငလျင်လှုပ်ပါက တုံပြန်နိုင်မှုစွမ်းဆောင်ရည်အား မြှင့်တင်ပေးရန်နှင့် ကျောင်းအရေးပေါ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်အား ဆန်းစစ်ရန်နှင့် လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်နိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ် ကို ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က အမှာစကား ပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ကျောင်းသား/သူများအား ငလျင်ဘေးအန္တ ရာယ်ဆိုင်ရာများကို လေ့လာမှတ်သားကြဖို့ရန်နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်သော အချက် အလက်များကို ရှင်းလင်းပြောကြားကြကာ မှတ်တမ်းဗီဒီယိုခွေအား ပြသခဲ့ပြီး ငလျင်ဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ဆရာကြီးဦးသန်းနိုင်ဦးက ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ငလျင်လှုပ်ခတ်ချိန်၌ အဆောင် အသီးသီးမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ မြေငလျင်လှုပ်ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒဏ်ရာရသူများအား ရှေးဦးပြုစု ခြင်းလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် တို့ ပူးပေါင်းပြီး ငလျင်ဖြစ်နိုင်ခြေရှိသည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ် အတွင်း အဆိုပါ အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ရန် မြို့နယ်(၁၁)မြို့နယ်ရှိ၊ ထက်/လယ်/မူ ကျောင်းပေါင်း(၂၂)ကျောင်းမှ ဆရာ/ဆရာမ(၂၄)ဦးတို့အား သင်တန်းပို့ချခဲ့ပြီးဖြစ် ကြောင်းနှင့် ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း(၈၀)ခန့်တွင် အဆိုပါ အသိပညာပေးလုပ်ငန်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။
Visitors: 8,447