စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် မြို့၏ Town Plan များကို စနစ်တကျရေးဆွဲထားပြီး အလုပ်ကိုအကြွေးမထားဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကြရန် လိုအပ်

မြစ်ကြီးနား သြဂုတ်(၁၃)
စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် မြို့၏ Town Plan များကို စနစ်တကျရေးဆွဲထားပြီး အလုပ်ကိုအကြွေးမထားဘဲ အချိန်နှင့် တစ်ပြေးညီ အလေးထားဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ယနေ့နံနက်ပိုင်းတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန၏၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ် (၆)ပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ပြည်နယ်စည် ပင်သာယာလှပရေးအတွက်အထူးအလေးထားဆောင်ရွက်ရန်နှင့်မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစဉ် တိုင်းတွင် ပြည်သူအပေါ် စေတနာထားလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူအပေါ် အခွန်၊ အခ၊ အကောက် ကောက်ခံရာတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ထုံးလုပ်နည်းနှင့် အညီ ကောက်ခံရန် လိုအပ်သကဲ့သို့ ရန်ပုံငွေများကိုလည်း ပြည်သူအတွက် အမှန်တကယ် လိုအပ်ပြီး တိကျမှန်ကန်သည့် စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်သွားဖို့ရန် လိုအပ်ပါကြောင်း၊ ပြည်သူများအား ဝန်ဆောင်မှုပေးသော လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာဖြင့် လျင်မြန်စွာဆောင် ရွက်ပေးဖို့ရန် လိုအပ်ပါကြောင်း၊ လမ်း၊ တံတားများအတွက် ကုမ္ပဏီများကို တင်ဒါချထားပေးသော် လည်း သက်ဆိုင်ရာအင်ဂျင်နီယာများ အနေဖြင့် ပူးပေါင်းစစ်ဆေး ကြပ်မတ်ပေးဖို့ရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရအဖွဲ့၊ ဆက်စပ်ဌာနများနှင့် ညှိနှိုင်း၍ ညီညွတ်စွာ ဆောင်ရွက်သွားဖို့ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပြည်သူယုံကြည်အား ကိုးသော ဝန်ထမ်းကောင်းများဖြစ်စေရန် မှာကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်က စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) ပတ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြို့နယ်စည်ပင်သာယာ ရေးအလိုက် အခွင့်အရေးလိုင်စင်များ လေလံရောင်းချမည့် အခြေအနေများ၊ အခွန်၊ အခ၊ အကောက် များ ကောက်ခံမည့် အခြေအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
Visitors: 8,528