ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင်(၂၈)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ မုတ်လွှဲကျေးရွာနှင့် ခတ်ချိုကျေးရွာချင်းဆက် လမ်းများ ဆောင်ရွက်နေမှုနှင့် နန့်မြစ်ခချောင်းကူးတံတား PhaseII ဆောက်လုပ်နေမှုတို့ကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဦးစွာ မြစ်ကြီးနား-ဗန်းမော်သွားကားလမ်းမကြီးလမ်း ဆုံမှ မုတ်လွှဲကျေးရွာတွင်း လမ်းအရှည်ပေ(၈၀၀၀)အား ပြည်နယ်ရန်ပုံငွေကျပ်(၁၉၉.၀၀)သန်းဖြင့် (၁၈)ပေလမ်းအဖြစ် လမ်းသားတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းကျင်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ခတ်ချိုကျေးရွာတွင်းလမ်း အရှည်ပေ(၂၇၀၀)ကို လမ်းသားတိုးချဲ့၍ ကတ္တရာလမ်းထပ်မံ ခင်းကျင်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်အတွင်း မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တံတားအမှတ် (၂/၄၈၁)၊ နန့်မြစ်ခတံတား ပေ(၃၀၁)ကျော် အရှည်အား PhaseII (၂)လမ်းသွား ထပ်မံဆောက်လုပ် နေမှုအခြေအနေကို ကြည်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်ချိန် အတွင်းစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ နန့်မြစ်ခတံတားသည် ယခင်တစ်လမ်းသွားဘေလီသံဘောင်တံတားအဖြစ်မှ (၄) လမ်းသွား သံကူကွန်ကရစ် ရေလည်တိုင်နှင့် သံကူကွန်ကရစ်ကြမ်းခင်း တံတားအမျိုးအစား၊ ယာဉ် သွားလမ်းအကျယ် (၄၈)ပေနှင့် လူသွားလမ်း (၃)ပေအကျယ်စီပါရှိပြီး တံတား၏(Phase-I)ကို (၄.၆.၂၀၁၈) ရက်နေ့ ကဖွင့်လှစ်ပေးခဲ့သည်။

Visitors: 8,447