ကချင်ပြည်နယ် ဥပဒေချုပ်ရုံးအဆောက်အအုံသစ်ဖွင့်လှစ်

မြစ်ကြီးနား ဇူလိုင် (၂၀)
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ပြည်နယ်ဥပဒေရုံးဝင်းအတွင်း၌ တည်ဆောက်ပြီးစီးသည့် ၇၆ပေ×၆၆ပေ RC (၂)ထပ် ပြည်နယ်ဥပဒေချုပ်ရုံး အဆောက်အအုံသစ်ကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဥပဒေချုပ်ရုံးအဆောက်အအုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်ဦးတင်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ LOGO တံဆိပ်ကို အမွှေးနံ့သာရည်များပက်ဖျန်းပေးကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ အဆောက်အအုံသစ်ဖွင့်ပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဥပဒေ အရာရှိ ဒေါ်သစ်သစ်ဝင်းက လိုအပ်ချက်အရ ဥပဒေချုပ်ရုံးအဆောက်အအုံသစ် တည်ဆောက်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အအုံသစ်ကို တာဝန်ယူဆောက်လုပ်သည့် မြမိုရ်စံ ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူထံမှ ဥပဒေချုပ်ရုံးအဆောက်အအုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများလွှဲပြောင်းအပ်နှံမှုကို လက်ခံရယူခဲ့သည်။
အဆိုပါ ဥပဒေချုပ်ရုံးအဆောက်အအုံသစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လိုအပ်ချက် အရ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄.၉.၂၀၁၇)ရက်နေ့တွင် ပန္နက်ရိုက်တင် ဆောက်လုပ်ခဲ့ပြီး ၇၆ပေ×၆၆ပေ RC (၂)ထပ် အမျိုးအစားဖြစ်ကာ အစည်းအဝေးခန်းမ၊ ဧည့်သည်တော်များလက်ခံ တွေ့ဆုံသည့်အခန်းများ ပါဝင်ကြောင်း သိရှိရသည်။

Visitors: 8,518