ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့တွင်း ကတ္တရာလမ်းသစ်များဖွင့်လှစ်ပေးပြီး ရေနှုတ်မြောင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင်(၇)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်ရှိ စည်ပင်-ပြည်သူ ပူးပေါင်းဆောင်ရွက် ပြီးစီးသည့် ကတ္တရာလမ်းသစ်များ ဖွင့်လှစ်ပေးပြီး မြို့တွင်းလမ်းများအဆင့်မြင့်တင်ဆောင်ရွက်နေမှု နှင့် ပင်မရေနှုတ်မြောင်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက်(၉)နာရီတွင် လယ်ကုန်းရပ်ကွက်အတွင်းအ.ထ.က၊ ဇီးလွန်ကျောင်းဘေးလမ်းအရှည်ပေ(၈၀၀)၊ ပေ(၁၄၀၀)အရှည် အကျဉ်းထောင်သွားလမ်း၊ ဓမ္မပါလ ဘုန်းကြီးကျောင်းလမ်း အရှည် (၅၄၇၅)ပေနှင့် အကျဉ်းဦးစီး-အနောက်လယ်ကုန်းလမ်းမကြီးဆက်စပ် လမ်းအရှည် (၂၄၀၀)တို့ကို စည်ပင်ပြည်သူပူးပေါင်း၍ စုစုပေါင်းကုန်ကျငွေကျပ်(၂၀၆၅.၀၈၈)သိန်းဖြင့် ခင်းကျင်းဆောင်ရွက်ပြီးစီးသည့် ကတ္တရာလမ်းသစ်များကို အ.ထ.က၊ ဇီးလွန်ကျောင်းဘေးကတ္တရာ လမ်းသစ်၌ ပြည်နယ်ဝန်ကြီးချုပ်၊လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးဝင်းညွန့် နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခေမာသီရိရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် အောင်နန်းရပ်ကွက်ခြင်းဆက်လမ်းဖြစ်သည့် အနော်ရထာလမ်းကို လမ်းတိုးချဲ့၍ ကတ္တရာခင်းကျင်း ဆောင်ရွက်နေမှု၊ ကြက်ပေါင်ခြံရပ်ကွက်ရှိ အမှတ်(၄)ပင်မရေနှုတ်မြောင်းမကြီးကို ကျောက်စီရေနှုတ် မြောင်းအဖြစ်ဆောင်ရွက်နေမှု၊ မြစ်ကြီးနားမြို့ ရွှေလမ်းမကြီးအား အေးမြသာယာရပ်ကွက်အတွင်း လမ်းဘေးတစ်ဘက်(၆)ပေစီတိုးချဲ့၍ ခင်းကျင်းဆောင်ရွက်မည့်အခြေအနေနှင့် ဒူကထောင်ရပ်ကွက် အတွင်း အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းသွားလမ်းပေါ်ရှိ ရေဝတ်နေရာ၌ မြေသားဖို့ ၍ တံတားတည်ဆောက်ပေးနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်း တံတားများတည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရေရှည်အသုံးပြုနိုင်ရေး စီမံဆောင် ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်တရားလွှတ်တော်ရုံးအတွင်း ခရိုင်၊ မြို့နယ်များမှ တရားရေး အရာရှိများနှင့် ဝန်ထမ်းများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် USAID တို့ ပူးပေါင်း ဖွင့်လှစ်သည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆောင်ရွက်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားနေ မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

Visitors: 8,447