တိုက်ပွဲရှောင်စခန်းနေမိသားစုများအား တန်ဖိုးနည်းအိမ်ရာသို့ ပြောင်းရွှေ့နေရာချထားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား ဇွန်(၂၀)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၈)ခုမှ အိမ်ထောင်စု(၉၅)စုတို့အား မိုင်းနားကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောင်းရွှေ့နေရာချထားပေးကြပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲရှောင်မိသားစုများ၏ ပြောင်းရွှေ့နေရာချထားမှုကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအား ပေးခဲ့ကြပြီး ပြောင်းရွှေ့နေထိုင်ကြသည့် မိသားစုဝင်များအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တန်ဖိုးနည်းအိမ်ရာအလုံး(၁၀၀)နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ရာ ပြည်နယ်လူမှုရေး ဝန်ကြီးလက်ခံရယူသည်။
ယင်းနောက် မိသားစုများအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာတွင် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင်(၁)အိတ်နှုန်းဖြင့်အိမ်ထောင်စု(၉၅)စုအတွက်ဆန်(၉၅)အိတ်၊ ဆီနှင့် ပဲ(၉၅)ပိဿာစီ၊ နှင့်ကလေးဝတ်အနွေးထည်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုသုံးပစ္စည်း (၁၇)မျိုးပါ (၉၅)ပုံး၊ မိသားစုဝင် လူဦးရေ(၄၉၉)ဦးတို့အတွက် တစ်ပတ်စာဆန်ရိက္ခာဘိုးငွေကျပ် (၁၀၄၇၉၀၀)၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးပျော်နေရာအတွက် ငွေကျပ်(၁၅)တန်ဖိုးရှိ ကလေးကစားစရာပစ္စည်းများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးပစ္စည်းမျိုးစုံနှင့် ခြင်ထောင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှ Hygiene kit ၊ Jerry Can ၊ Shelter Kit (၉၅)စုံစီ၊ ပြည်နယ်ပညာရေးမှ ကျောပိုးအိတ်များနှင့် ကျောင်းဝတ်စုံများ၊ ပြည်နယ်ကုန်သည်ကြီးများအသင်းမှ ဆီ(၁၀၀)ပိဿာ၊ ဆားထုတ်(၁၀၀)၊ ဗလာစာအုပ်ဒါဇင်(၁၀၀) ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှရေသန့်(၄၂)ကဒ်နှင့်ထမင်းဘူး(၆၀၀)တို့ကို ပြည်နယ် ဝန်ကြီးချုပ်ဇနီး၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုက်ပွဲရှောင်မိသားစုဝင်များ၏ နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါတိုက်ပွဲရှောင်မိသားစုများအား ပြောင်းရွှေ့နေရာချထားပေးသည့် တန်ဖိုးနည်းအိမ်ရာသည် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ပုံငွေ ဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ပြီး (၄၀×၆၀)ပေကျယ်ခြံဝင်းအတွင်းနေအိမ်တစ်လုံးနှင့်ရေတွင်းတစ်တွင်း စီပါဝင်ကာ အိမ်တစ်လုံးလျှင် တန်ဖိုးငွေကျပ်သိန်း(၅၀)ရှိပြီး အဆိုပါ အိမ်ရာဝင်းအတွင်း ပြောင်းရွှေ့ မိသားစုဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက် ဆေးခန်း၊ စာကြည့်တိုက်နှင့်ကလေး ပျော်နေရာတစ်ခုပါဝင်ကြောင်းသိရှိရသည်။
ယနေ့ ရွှေ့ပြောင်းနေထိုင်ကြသည့် တိုက်ပွဲရှောင်များမှာ ဝိုင်းမော်မြို့နယ်အတွင်းရှိ လော်ဝေါ် နှစ်ခြင်းအသင်းတော်မှ အိမ်ထောင်စု(၆)စု၊ လော်ဝေါ်အေဂျီအသင်းတော်မှအိမ်ထောင်စု(၅)စု၊ သာဂရ သရက်တောစခန်းမှ အိမ်ထောင်စု(၄၄)စု၊ သာဂရလီဆူနှစ်ခြင်းအသင်းမှ အိမ်ထောင်စု(၁)စု၊ ခတ်ချို စခန်းမှ အိမ်ထောင်စု (၁၁)စု၊ မိုင်းနားကတ်သလစ်အသင်းတော်မှ အိမ်ထောင်စု (၁၂)စု၊ မိုင်းနားအေဂျီ အသင်းတော်မှ အိမ်ထောင်စု (၈)စုနှင့် မိုင်းနားဖွံ့ဖြိုးရေးခြံမှ အိမ်ထောင်စု (၈)စု စုစုပေါင်း အိမ်ထောင်စု (၉၅)စု၊လူဦးရေ(၄၉၉)ဦးတို့အား၎င်းတို့၏ ဆန္ဒသဘောထားဖြင့် စာရင်းကောက်ယူကာ သက်ဆိုင်ရာ စခန်းအသီးသီးမှ မော်တော်ယာဉ်များဖြင့် ဇွန်(၁၉)ရက်နေ့မှစတင်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် ပြောင်းရွှေ့နေရာချထားပေးခြင်းဖြစ်ကြောင်းသိရှိရသည်။

Visitors: 8,447