တိုက်ပွဲရှောင်မိသားစု၀င်များ၏ ကလေးငယ်များအတွက် ကလေးပျော်နေရာများတွင် ကစားစရာပစ္စည်းမျိုးစုံထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန်(၁၃)
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ နမ္မတီးမြို့၊ ခရစ်ယာန်ဘုရားကျောင်းများ၌ ခေတ္တ ပြောင်းရွေ့နေထိုင်သော ဒေသခံများ၏ ကလေးငယ်များအတွက် ကလေးပျော်နေရာများ၌ ကစားစရာ ပစ္စည်းမျိုးစုံနှင့် ကျေးရွာအတွင်းအခြေချနေထိုင်မည့် မိသားစုများအတွက်ထောက်ပံ့ပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများက ခေတ္တရွေ့ပြောင်းလာသူများနေ ထိုင်ရာ နမ္မတီးမြို့ ကချင်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းနှင့် စိန်ပေါလ်ကက်သလစ်ဘုရားကျောင်း ဝင်းများတွင် တိုက်ပွဲရှောင်မိသားစုများအား တွေ့ဆုံအားပေးပြီး အဆိုပါ နမ္မတီးမြို့ရှိ တိုက်ပွဲရှောင်စခန်း (၄)ခုမှ မိသားစုများ၏ကလေးငယ်များအတွက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးပျော်ရာနေရာ တစ်ခုစီ၌ ကလေးကစားစရာပစ္စည်းမျိုးစုံနှင့်ကလေးစာအုပ်များဖြင့် စခန်းတစ်ခုလျှင် ငွေကျပ်(၁၅)သိန်း တန်ဖိုးဖြင့် စခန်း(၄)ခုစာအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၆၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဇနီးက ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ္မတီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် ဒေသအခေါ်ကဆုန့်နှင့်ဇွပ်မိုင်ကျေးရွာများမှ ဧပြီ (၂၀)ရက်နှင့်(၂၃)ရက်နေ့တွင် နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်း၊ စိန်ပေါလ်ကက်သလစ်အသင်းတော်ဘုရားကျောင်း၊ ကံလှကျေးရွာ ဧမာနွေလအ သင်းတော်ကျောင်းနှင့် မြို့ဦးရပ်ကွက်၊ စိန်ဒေါမနစ်ကက်သလစ်ကျောင်း၀င်းအတွင်းတို့၌ စုစုပေါင်း အိမ် ထောင်စု(၂၆၀)စုတို့ နေထိုင်လျက်ရှိကြောင်းသိရှိရသည်။
ဆက်လက်၍ မြစ်ကြီးမြို့နှင့် မိုးကောင်းမြို့နယ်များရှိ တိုက်ပွဲရှောင်စခန်းများမှ မိသားစု(၂၀)စုတို့ သည်၎င်းတို့၏ ဆန္ဒအလျောက် မိုးကောင်းမြို့နယ်၊ လွယ်လိယန်ကျေးရွာအုပ်စု၊ နောင်းပုံကျေးရွာ၌ RC အသင်းတော်မှ၀ယ်ယူထားသည့် မြေကွက်များပေါ်တွင် UNHCR မှ ဆောက်လုပ်ပေးထားသည့် အိမ်ရာ များသို့ရွေ့ပြောင်းနေထိုင်ကြမည့် မိသားစုဝင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်တွေ့ဆုံ ခဲ့ကြပြီးပြည်နယ်အစိုးရအဖွဲ့မှဆန်အိတ်(၂၀)၊ဆီနှင့်ပဲ(၂၀)ပိဿာစီနှင့် အိမ်မိုးသွပ်(၆၀၀)ချပ်၊ ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂၀)ဖာနှင့် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၂၁၈၄၀၀)ကျပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဆေးပစ္စည်းမျိုးစုံပါ၊ ပြည်နယ်ပညာရေးဦးစီး ဌာနမှ ဗလာစာအုပ်ဒါဇင်(၃၀)၊ ပြည်နယ်ကြက်ခြေနီမှ Hygiene kit (၂၀)စုံ၊ Jerry Can (၂၀)စုံ၊ Shelter Kit (၂၀)စုံစီတို့ကို ပြည်နယ်၀န်ကြီးချုပ်၏ဇနီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်၀န်ကြီး များ၏ဇနီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မိသားစုများနေထိုင်မည့် နေအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Visitors: 8,518