ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန် ပြည်နယ်ခွဲသတင်းမီဒီယာအုပ်စုမှ စာအုပ်၊ စာနယ်ဇင်းနှင့် စီဒီခွေများလှူဒါန်း

မြစ်ကြီးနား ဇွန်(၁၁)
ကချင်ပြည်နယ်အစိုးရအဖွဲ့သို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်၊တယ်ဟုန်ပြည်နယ် ခွဲသတင်းမီဒီယာအုပ်စုမှ စာအုပ်၊ စာနယ်ဇင်းနှင့် စီဒီခွေများပေးအပ်လှူဒါန်းပွဲကို ဇွန်(၁၁)ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပရာ အခမ်းအနား သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တယ်ဟုန်ပြည်နယ်ခွဲကော်မတီ၊ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဌာနမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဆွေတော်တို့ လှူဒါန်းတဲ့စာအုပ်တွေထဲမှာ အဆွေတော်တို့ဒေသအကြောင်း၊ ယဉ်ကျေးမှုထုံးစံတွေကို ကျွန်တော်တို့ ပြည်သူတွေ အဆွေတော်တို့လှူဒါန်းထားတဲ့ စာအုပ်တွေကတစ်ဆင့် လေ့လာခွင့်ရရှိမှာဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းဆိုတာဦးနှောက်တွင်ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ စာကြည့်တိုက်ယဉ်ကျေးမှုပိုမိုအား ကောင်းလာဖို့နိုင်ငံတစ်နိုင်ငံရဲ့ပညာရေးစနစ်ကောင်းမွန်ဖို့၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးဖို့အတွက် စာကြည့် တိုက်ယဉ်ကျေးမှုပြန်လည်ဆန်းသစ်ချိန်မှာ အခုလို စာအုပ်စာပေလှူဒါန်းပေးတဲ့ အဆွေတော်တို့ သတင်းမီဒီယာအဖွဲ့ရဲ့ စေတနာကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောကြားသည်။
ယင်းနောက် စာအုပ်စာစောင်များ၊ ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ၊ အမြဲတမ်းကော်မတီဝင် ပြည်နယ်ခွဲပါတီကော်မတီ အတွင်းရေး မှူးက နှစ်နိုင်ငံသမိုင်းတလျှောက်တွင် ချစ်ကြည်ရင်းနှီးစွာသွားလာခြင်းများ၊ စီးပွားရေးပူးပေါင်း လုပ်ဆောင်ခြင်းနှင့်ယဉ်ကျေးမှုဖလှယ်ခြင်းများစွာရှိပါကြောင်း၊ လတ်တလောတွင် တရုတ်မြန်မာနှစ် နိုင်ငံဆက်ဆံရေးမှာပိုမိုတိုးမြှင့်လာပါကြောင်း၊ ယခုကဲ့သို့ တယ်ဟုန်ပြည်နယ်ခွဲမှ လှူဒါန်းသော ကျန်းမာရေးကုသမှု၊ စိုက်ပျိုးထုတ်လုပ်ရေး၊ သဘာ၀နှင့် သိပ္ပံပညာလက်တွေ့သုံးနည်းစသည့် ဘာ သာရပ်စာအုပ်များဖြစ်သည့်အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာအုပ်စုမှ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် စာအုပ်၊ စာနယ်ဇင်း(၃၈၁၃)အုပ်နှင့် စာအုပ်စင်အကြီး(၁၅)စင်၊ စာအုပ်စင်အသေး(၅)စင်၊ TV စင်(၁)ခု၊ Audio Products များကို ပေးအပ်ရာ လူမှုရေးဝန်ကြီးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပြန်လည်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Visitors: 8,447