နန့်မြစ်ခတံတား(Phase-I) ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်နိုင်သဖြင့် ခရီးသွားပြည်သူများ နှောင့်နှေးကြန့်ကြာမှုမရှိ လွယ်ကူလျင်မြန်စွာသွားလာနိုင်ပြီဖြစ် #

မြစ်ကြီးနား ဇွန်(၄)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တံတားကျဉ်းမြောင်းမှုကြောင့် မကြာခဏယာဉ်ကြော ပိတ်ဆို့ပြီး နှောင့်နှေးကြန့်ကြာမှု ဖြစ်ပွားလျက်ရှိသော နန့်မြစ်ခချောင်းပေါ်၌ တစ်လမ်းသွားဘေလီသံ ဘောင်တံတားအစား (၄)လမ်းသွားသံကူကွန်ကရစ်တံတား တည်ဆောက်ရေးအတွက် တံတားဦးစီးဌာန မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ အဆိုပါ နန့်မြစ်ခတံတား(Phase-I) ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ တံတားသစ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလဂမ်ဇယ်ဂျုံး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီတို့နှင့် တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနီလှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က တံတား၏ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပျက်ဖြန်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တံတားအသစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ယခင် သံဘောင်ဘေလီတံတားနေရာတွင် နှစ်လမ်းသွားတံတား(Phase-II)ဆောက်လုပ်မည့်အခြေအနေ တို့ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တံတားဆောက်လုပ်ပြီးစီးပြီဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်တော့ဘဲ လွယ်ကူစွာဖြတ်သန်းသွား နိုင်ပြီဖြစ်ကြောင်းကို ဝိုင်းမော်မြို့၊မြို့မိမြို့ဖဖြစ်သူ ဦးကြည်ဝင်းက“တံတားကြီးပြီးသွားတော့ အရမ်းစိတ် ချမ်းသာသွားတယ်၊ အရင်တံတားက တစ်လမ်းသွားကျဉ်းနေတော့ သာမန်ကိစ္စပဲဖြစ်ဖြစ်၊ အရေးပေါ် ကိစ္စပဲဖြစ်ဖြစ်သွားတဲ့အခါ နာရီဝက်/တစ်နာရီခန့် ရပ်စောင့်နေရတဲ့အတွက် ခရီးသွားပြည်သူတွေ အရမ်းနှောင့်နှေးကြန့်ကြာရတယ်၊ ဒါကြောင့် တံတားပြီးတဲ့အတွက် မြို့ခံတွေနှင့် ခရီးသွားပြည်သူတွေ အားလုံးပျော်ရွှင် ကြမှာပါ” ဟု ရှင်းလင်းပြောကြားခဲ့သည်။
ယနေ့ ဆောက်လုပ်ပြီးစီးသည့် နန့်မြစ်ခတံတား(Phase-I)သည် သံကူကွန်ကရစ် ရေလည်တိုင် နှင့် သံကူကွန်ကရစ် ကမ်းကပ်ခုံ၊ သံကူကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ပြီး တံတားအရှည် (၃၀၂) ပေရှိပြီး နှစ်လမ်းသွား (၅၂)မီတာအကျယ်နှင့် လူသွားလမ်း (၃)ပေအကျယ်စီပါရှိပြီး ယာဉ်တစ်စီးချင်း ၏ ခွင့်ပြုတန်ချိန်မှာ (၇၅)တန်ထိရှိကြောင်းနှင့် အဆိုပါတံတားကို (၂၀.၂.၂၀၁၇)ရက်နေ့တွင် စတင် ဆောက်လုပ်ခဲ့ကြောင်း တံတားဦးစီးဌာနမှ သိရှိရသည်။

Visitors: 8,518