တနိုင်းမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန်(၃)
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော နယ်မြေအခြေအနေများအရ တနိုင်းမြို့နယ်အတွင်း ရှိ အောင်လော့ဒ်ဒေသမှ တိုက်ပွဲရှောင်ပြည်သူများသည် တနိုင်းမြို့ ကတ်သလစ်ဘုရားကျောင်းများနှင့် နှစ်ခြင်းခရစ်ယာန် (KBC) ဘုရားကျောင်းတို့၌ ခေတ္တတိမ်းရှောင်နေထိုင်လျက်ရှိရာ ဇွန်(၂)ရက်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မိသားစုများနေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ဆန်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းသို့ ဆန်ရိက္ခာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ရေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာ ဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှေးဦးစွာ တနိုင်းမြို့ ကင်ဆားရာရပ်ကွက်ရှိ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း ရှိမိသားစုများနှင့် တွေ့ဆုံပြီး ဝန်ကြီးချုပ်၏ဇနီးနှင့်ပြည်နယ်ဝန်ကြီးတို့က နှစ်သိမ့်အားပေးကြကာ မိသားစုဝင်များအတွက် ပြည်နယ်ဝန်ကြီးချုပ် မိသားစုမှ ကလေးဝတ်အနွေးထည်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် (၁၁၂) အိတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်(၁၂၇)အိတ်(၁၂)ပြည်နှင့် ဆီနှင့်ပဲ (၁၈၄)ပိဿာစီ၊ ဆား (၉၂)ပိဿာ၊ ပြည်နယ် ပညာရေးမှ မိသားစုဝင်များ၏ ကျောင်းသားကလေးငယ်များအတွက် ဗလာစာအုပ်( ၆၀ )ဒါဇင်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် တာဝန်ရှိ သူများက ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိသားစုဝင်များအား မုန့်များဝေငှကျွေးမွေးခဲ့ကြသည်။
ယင်းနောက် တိုက်ပွဲရှောင်ပြည်သူများ နေထိုင်လျက်ရှိသည့် ယာယီအဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ထမင်း/ဟင်းချက်ဆောင်အတွင်း ကျန်းမာရေးညီညွှတ်စွာ ချက်ပြုတ်စားသောက် ရေး စစ်ဆေးဆောင်ရွက်သွားရန် ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ တနိုင်းမြို့နှစ်ခြင်းခရစ်ယာန်(KBC)ကျောင်းဝင်းအတွင်းရှိ မိသားစုဝင်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၁၂၇)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းတာဝန်ခံနှင့် တွေ့ဆုံကာ မိသားစုဝင်များ ယာယီနေထိုင်မှုအဆင်ပြေစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြ သည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် မေ(၂၀)ရက်နေ့အထိ စာရင်းအရ တနိုင်းမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ဘရားကျောင်းဝင်းအတွင်း၌ အိမ်ထောင်စု(၁၁၂)စု၊လူဦးရေ(၅၀၀)နှင့် နှစ်ခြင်း ခရစ်ယာန်ကျောင်းဝင်းအတွင်း၌ အိမ်ထောင်စု(၁၂၇)စု၊ လူဦးရေ (၄၅၀)ဦးတို့ ယာယီနေထိုင်လျက်ရှိ ကြောင်း သိရှိရသည်။

Visitors: 8,518