မြို့တွင်းရေနှုတ်မြောင်းများဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းဆုံမီးပွိုင့်များ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား ဇွန်(၂)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် လမ်းဘေး ဝဲ/ ယာရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် ယာဉ်အန္တရယ်ကင်းရှင်းရေးအတွက် လမ်းဆုံ နေရာများတွင် မီးပွိုင့်များ ပြုပြင်ဆောင်ရွက်မည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်(၂)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမအတွင်း ပြုပြင်ရမည့် အခြေအနေများ နှင့် ခန်းမဝင်းအတွင်း၌ စတိုဆောင်ဆောက်လုပ်နိုင်ရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရေကူးကန်ဝင်းအတွင်းရှိ အဆောင်ကိုစတိုဆောင်သစ်ဆောက်လုပ်နိုင်ရေးမှာကြားကာ ပြည်နယ်အဆင့်မီ မြို့တော်ခန်းမသစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။
ယင်းနောက် ဧရာရပ်ကွက် ဆမားလမ်းနှင့် ပြည်ထောင်စုလမ်းမကြီး လမ်းဆုံနေရာ၌ ပန်းခြံအလှ ခုံတည်ဆောက်မည့် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့သစ်ရပ်ကွက် နာရီစင်မီးပွိုင့်လမ်းဆုံနေရာ တွင် ပြုပြင်ဆောင်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြကာ မီးတိုင်များနှင့် ဖုန်းတိုင်များ ရွှေ့ပြောင်းစိုက်ထူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်နန်းရပ်ကွက်၊ စျေးကြီးလမ်းတစ်လျှောက် ရေနှုတ်မြောင်းတူးဖော်ဆောင်ရွက်နေမှုကို စနစ်တကျဆောင်ရွက်ရေးနှင့် မြို့မရပ်ကွက် ပြည်နယ်မီးသတ် တပ်ဖွဲ့ရုံးအနီးရှိ မီးပွိုင့်အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ယာဉ်အန္တရာယ်ကင်းရှင်းရေး အထူးအလေး ထား၍ စနစ်တကျလိုက်နာဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာန ဆိုင်ရာများအား မှာကြားကာ သခင်နက်ဖေလမ်းမကြီးတစ်လျှောက် ရေနှုတ်မြောင်းများအတွင်း ရေစီး ရေလာကောင်းမွန်ရေးအတွက် အမှိုက်နှင့် မြေစာများ ရှင်းလင်းဆောင်ရွက်သွားရန်နှင့် အဆိုပါ မီးပွိုင့် နေရာရှိ စည်ပင်သာယာလမ်းကို တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

 
Visitors: 8,518