ဝိုင်းမော်မြို့သို့ ရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မေ(၃၁)
ဝိုင်းမော်မြို့နယ်၊ ရှငေါ်ဒေသအတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ခေတ္တပြောင်းရွေ့လာသော တိုက်ပွဲရှောင်ပြည်သူများရှိရာ ဝိုင်းမော်မြို့ရှိ နှစ်ခြင်းအသင်းတော်များအဖွဲ့ရုံး၌ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ဆန်ရိက္ခာနှင့် မိသားစု သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှု ရေးဝန်ကြီးဒေါက်တာသင်းလွင်တို့က တိုက်ပွဲရှောင်မိသားစုဝင်များနှင့်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကား ပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်မိသားစုမှ သက်ကြီးဘိုးဘွားများနှင့် ကလေးငယ်များအတွက် အာဟာရနို့မှုန့်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်အိတ်(၁) အိတ်စီနှင့် အိမ်ထောင်စု (၈၀)အတွက် ဆန်အိတ်ပေါင်း (၈၀)၊ ပြည်နယ်ပညာရေးဌာနက ကျောင်းနေအရွယ် ကလေးများအတွက် ဗလာစာအုပ်(၅၂)ဒါဇင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရေသန့်ဆေးဗူးများနှင့် အသက်(၉၀)နှင့် အထက် အဘိုး/အဘွားနှစ်ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၁၂၀၀၀၀)စီနှင့် စုစုပေါင်းငွေကျပ် (၂၄၀၀၀၀)၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းငွေကျပ်(၁၀၃၃၉၁၂၅)တန်ဖိုးရှိ ဆန်အိတ် (၁၁၃) အိတ်ကျော်၊ ပဲနှင့်ဆီ(၁၆၀)ပိဿာစီ၊ ဆား(၈၀)ပိဿာနှင့် မိသားစုသုံးပစ္စည်းမျိုးစုံတို့ဖြင့် ဝန်ကြီးချုပ် ၏ဇနီး၊ပြည်နယ်ဝန်ကြီး၊ပညာရေးဝန်ကြီးဌာန၊လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ ညွှန်ကြာရေးမှူးချုပ် နှင့် တာဝန်ရှိသူများက စခန်းတာဝန်ခံနှင့် မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ကြကာ မိသားစုဝင်များ အား မုန့်များဝေငှကျွေးမွေးခဲ့ကြသည်။
အဆိုပါ နှစ်ခြင်းအသင်းတော်ရုံးဝန်းအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများသည် အင်ဂျန်းယန်မြို့ နယ်အတွင်းနှင့် ရှငေါ်ဒေသမှ ဂျူဗလီ၊ ဝလောင်ယန်၊ အောင်ရာ၊ အင်ဒုံးဇွပ်၊ ဆွတ်ဂျာ၊ (၅၂)မိုင်ကျေးရွာ များမှ ခေတ္တပြောင်းရွေ့လာခြင်းဖြစ်ပြီး အိမ်ထောင်စု(၈၀)၊ လူဦးရေ(၃၆၃)ဦးရှိရာ မိသားစုများနေထိုင် စားသောက်မှုအဆင်ပြေစေရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းနေကလေးငယ်များ ပညာသင်ယူ နိုင်ရေးတို့အတွက် ပြည်နယ်အစိုးရဖွဲ့ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။

Visitors: 8,518