၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ကချင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား မေ(၃၀)
၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ကချင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ကျင်းပခဲ့ ပြီး ပညာရေးဝန်ကြီးဌာန ပြည်နယ်အတွင်းရှိ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ် များနှင့် အခမဲ့ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
အဆိုပါ အခမ်းအနားကို ကျောင်းသား/ သူလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားကာ ပညာရေး ဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြည်ထောင်စုဝန်ကြီး၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မိန့်ခွန်းကိုဖတ်ကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း ကျောင်းသား/သူများအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်(၆) အုပ်စီနှင့် ကျောင်းဝတ်စုံ(၁)စုံစီ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/ သူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် တစ်စုံစီတို့ကို ထောက်ပံ့ပေးအပ်ရာ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအို ခရိုင်များမှ ခရိုင်ပညာရေးမှူးများက လက်ခံရယူပြီး ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က မြစ်ကြီး နားမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကျောင်းသား/သူများအတွက်အခမဲ့ထောက်ပံ့ပစ္စည်း များပေးအပ်ရာ ကျောင်းအုပ်ကြီးဒေါ်ကေရွယ်အောင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပြည်နယ်အတွင်းရှိ အလှူရှင်များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ထောက်ပံ့ငွေများနှင့် ကျောင်း သုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဇာတိမာန်တေးသီးချင်းဖြင့် သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အထကကျောင်း(၁၂)ကျောင်း၊ အထက (ခွဲ)(၁၃)ကျောင်း၊အလက(၁၆)ကျောင်း၊အလက(ခွဲ)(၁၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၉) ကျောင်း၊ အမက(၂၅)ကျောင်းနှင့် အမက(ခွဲ) (၂၁)ကျောင်း စုစုပေါင်း (၁၂)ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေး နိုင်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ပညာသင်နှစ် ပြည်နယ်အတွင်းရှိ ကျောင်းသား/သူများအတွက် ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်စသည့် အခမဲ့ဖြန့်ဝေမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၁၈၃၃.၃၇၆)သန်းဖြစ် ကြောင်း ပြည်နယ်ပညာရေးဦးစီးဌာနမှ သိရှိရသည်။

Visitors: 8,518