ပြည်နယ်ဝန်ကြီးချုပ် မြို့တွင်းလမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ(၂၆)
မြို့အင်္ဂါရပ်နှင့်အညီ မြစ်ကြီးနားမြို့ရှိ ပြည်ထောင်စုလမ်းမကြီးအပါအဝင် အဓိကလမ်းမကြီး များကို အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် လမ်းများဖြတ်ကူးရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက်လမ်းလယ်ကျွန်းစတီးလက်ရန်းများကာရံထားရှိမှုတို့ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်တို့သည် ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြို့တွင်းလမ်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဧရာရပ်ကွက်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းလယ်ကျွန်းစတီး လက်ရန်းကာရံထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဖြတ်ကူးနေရာတွင် လက်ရန်းဖယ်ရှားနိုင်ရေး အတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ဆမားလမ်းနှင့် ပြည်ထောင်စုမကြီးလမ်းဆုံ နေရာတွင် ပန်းခြံအလှခုံတည်ဆောက်ရေး၊ ဆမားလမ်းတိုးချဲ့ဆောင်ရွက်ပြီးစီးမှုနှင့် ဘေးဝဲ/ယာ ရေနှုတ်မြောင်းများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မြို့သစ်ရပ်ကွက် ရွှေတောင်လမ်း ပေ(၁၅၀၀)ကို လမ်းသားတိုးချဲ့၍ နိုင်လွန် ကတ္တရာခင်းကျင်းဆောင်ရွက်ပြီးစီးမှုနှင့် လမ်းဘေးဝဲ/ယာရေနှုတ်မြောင်းများတူးဖော်ဆောင်ရွက်နေ မှု၊ ယုဇနရပ်ကွက်ရှိ ပေ(၃၁၅၀)အရှည် အနော်ရထာလမ်း၊ ခေမာသီရိရပ်ကွက်ရှိ မဟာဗန္ဓုလလမ်း ပေ(၁၀၀၀)နှင့် အောင်နန်းရပ်ကွက်ရှိ ပေ(၄၀၀၀)အရှည် တပင်ရွှေထီးလမ်းတို့ကို ပေ(၃၀) အကျယ် လမ်းအဖြစ် လမ်းသားတိုးချဲ့၍ နိုင်လွန်ကတ္တရာခင်းကျင်းဆောင်ရွက်နေမှုများနှင့် မြို့မရပ်ကွက် အတွင်းရှိ စျေးကြီးလမ်း တိုးချဲ့ဆောင်ရွက်နေမှုနှင့် လမ်းဘေး ဝဲ / ယာ ရေနှုတ်မြောင်းများ တူးဖော် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းမများပေါ်တွင် ရေဝပ်တင် ကျန်မှုမရှိစေရေး ရေထွက်ပေါက်များကို ရေစီးဆင်းမှုကောင်းမွန်ရန်အတွက် စနစ်တကျဆောင်ရွက် ရေးနှင့်လမ်းဘေးဝဲ/ယာရှိ မီးတိုင်များနှင့် ဖုန်းတိုင်များကို ပြောင်းရွှေ့စိုက်ထူပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်ခိန်ရပ်ကွက်ရှိ ဝဏ္ဍကျော်ထင်လမ်း ပေ (၅၄၀၀)ကို လမ်းသားမြှင့်၍ ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေကိုကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပန်စွန်ဂေါက်ကွင်းရှေ့ ပြည်ထောင်စုလမ်းမပေါ်ရှိ လမ်းလယ်ကျွန်းစတီးလက်ရန်း ကာရံထားမှုအား ဖယ်ရှားနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

Visitors: 8,518