ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတင်ကျင်းပ

မြစ်ကြီးနား မေ(၂၄)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ရာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄၅)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်ပြည်နယ်လွှတ်တော် အစားထိုးတပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ကျော်ဦး(ကြည်း ၂၀၆၁၅)က လွှတ်တော်၌ ကတိသစ္စာပြုပြီး ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ဖားကန့်မြို့နယ်အတွင်း ဆောင်ရွက်ချက်ရှိသည့် လမ်းတံတားများသည် လက်ရှိ ဒေသ၏ အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် လမ်းများသည် ယခင်က အကျယ်ပေ (၄၀၊၅၀) ရှိခဲ့သော်လည်း ယခုဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းများသည် (၁၂)ပေခန့် အကျယ်ခင်း ပေးနေသည်ကို တွေ့မြင်ရပြီး တံတားများဆောက်လုပ်ရာတွင်လည်း အရည်အသွေးမပြည့်မီသည်ကို တွေ့မြင်ရသဖြင့် လမ်း၊တံတားအချို့ကို ပယ်ဖျက်ပြီး ပြင်ဆင်ဖြည့်စွက်ပေးသွားရန်နှင့် ကျောက်မျက် ရတနာတွင်းဝခွန်ကောက်ခံရေးအဖွဲ့ကို ဒေသခံများအား ရွေးချယ်၍ ကော်မတီတစ်ရပ်ဖွဲ့စည်းပေး သွားရန် အစီအစဉ်ရှိ/မရှိမေးခွန်းများနှင့် နယ်စပ်ဒေသဖြစ်သော နောင်မွန်မြို့တွင် တာဝန်ထမ်း ဆောင်ကြသော နိုင်ငံ့ဝန်ထမ်းများအတွက် အိုးအိမ်ဦးစီးဌာန(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့မှ စု ပေါင်းဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိမေးခွန်းများအပါအဝင် မေးခွန်း (၇) ခုကိုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကချင်ပြည် နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်(အောက်တိုဘာမှ စက်တင်ဘာအထိ) အရ/ အသုံး ခန်းမှန်းခြေငွေစာရင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် လွှတ်တော်သို့ အတည်ပြုချက်ရယူရန်တင်သွင်းခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသောသက်ငယ်မုဒိမ်းမှုများလျော့ကျစေရန် ကြီးလေးသောပြစ်ဒဏ်ဖြစ်သော သေဒဏ်ချမှတ်ပေးနိုင်ရေးနှင့် ပညာပေးမှုအစီအစဉ်များ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,518