ပြည်နယ်အတွင်း အခွန်အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

မြစ်ကြီးနား မေ(၂၂)
ကချင်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့်အခွန်ထမ်းများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းကောက်ခံ ရရှိသောအခွန်ငွေများကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များတွင် အသုံးပြုဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး၊ ပညာရေး၊ကျန်းမာရေးအစရှိသည့်ကဏ္ဍများတွင် ဆောင်ရွက် နိုင်ဖို့ရန်အတွက် အခွန်ငွေများရရှိရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်အခွန်ထမ်းများအနေဖြင့် အကျိုး စီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေကြသူတွေဖြစ်သည့်အတွက် နိုင်ငံတော်အနေနှင့် ဂုဏ်ပြုထိုက်သူများဖြစ်ပါ ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အတွက် အခွန်အများဆုံးထမ်းဆောင်ခဲ့ကြ သည့် အခွန်ထမ်းပြည်သူတွေကို ယခုလို ဂုဏ်ပြုခြင်းသည် မွန်မြတ်သောစိတ်ထားဖြင့် အခွန်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများအဖြစ် အသိအမှတ်ပြု၊ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း ပြော ကြားသည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် နိုင်ငံတော်အဆင့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များထဲတွင်ပါဝင်ပြီး ကချင်ပြည်နယ်အတွင်း အခွန် အများဆုံးထမ်းဆောင်နိုင်ခဲ့သည့် လုပ်ငန်းရှင်(၁၁)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးထွန်းတင်နှင့်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့က ဂုဏ်ပြုဆုနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ချီးမြှင့်ခဲ့ကြပြီး ဆက်လက်၍ ပြည်နယ်အတွင်း စည်းကြပ်နှစ်အတွင်း အခွန် အများဆုံးထမ်းဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း(၅၀)ဦးနှင့် ဝင်ငွေခွန် အခွန်ထမ်း (၅၀) ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Visitors: 8,447