မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

မြစ်ကြီးနား မေ(၂၁)
ကချင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့မှ သက်ဆိုင်သူများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတို့နှင့် စပ်လျဉ်း၍ ဗဟုသုတများ မျှဝေနိုင်ရန် ရည်ရွယ်၍ အဆိုပါ ဥပဒေများ ရှင်းလင်းဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိမိ တို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာရရှိရေးတို့အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်အားပေးဆောင်ရွက်ချက်ရှိရာ ပြည်နယ်အတွင်းမှာပင် ရင်းနှီးမြှုပ်နှံ မှုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများရှိပြီဖြစ်ကြောင်းနှင့် အနာဂတ်ကာလအတွင်း ပြည်နယ်၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နံမှုလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာဖြင့် အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်ကြိုးစားလုပ်ကိုင်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ညွှန်ကြားရေးမှူး ဒေါက်တာ လွှင်သူဇာရွှေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမြတ်က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ညွှန်ကြား ရေးမှူးဒေါက်တာသိမ့်သိမ့်မိုးက ကချင်ပြည်နယ်နှင့်သက်ဆိုင်သည့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသတင်းအချက် အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဥပဒေများနှင့် စပ်လျဉ်း၍ စုပေါင်းစကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခြင်းကို ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်မတည် ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ (၅)သန်း (သို့မဟုတ်) မြန်မာကျပ်ငွေသန်း (၆၀၀၀)အထိ စိစစ်ခွင့်ပြု ပေးလျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ယနေ့အထိ မြန်မာကုမ္ပဏီ (၁၁၇)ခုနှင့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုကုမ္ပဏီ (၄)ခု စုစုပေါင်းကုမ္ပဏီ (၁၂၁)ကို ဖွဲ့စည်းမှတ်ပုံတင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

Visitors: 8,518