ဖားကန့်မြို့နယ် လက်ဝါးကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား မေ(၁၆)
ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော နယ်မြေအခြေအနေကြောင့် တနိုင်း မြို့နယ်၊ အောင်လောဒ်ဒေသမှ တိမ်းရှောင်ပြည်သူများသည် ဖားကန့်မြို့နယ်၊ လက်ဝါးကျေးရွာ စိန်ပေါ ဘုရားကျောင်းဝင်းအတွင်း ခေတ္တနေထိုင်လျက်ရှိရာ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆန်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
အဆိုပါ ဘုရားကျောင်းဝင်းအတွင်းရှိ တိုက်ပွဲရှောင် မိသားစု (၄၅)စု၊ လူဦးရေ(၁၆၀)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်နှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဝန်ကြီးများ၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွား ရောက် တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးချုပ်၏ဇနီးနှင့် လူမှုရေးဝန်ကြီးတို့က နှစ်သိမ့်အားပေးစကားပြောကြကာ မိသားစုဝင်များ၏ ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် စီစဉ်ဆောင်ရွက် ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဇနီး၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရ အဖွဲ့မှ ကလေးဝတ်အနွေးထည် (၄၇)ထည်၊ ဆန်အိတ် (၅၀)အိတ်နှင့် အာဟာရပြည့်နို့မှုန့်များ၊ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်အိတ်(၄၇)အိတ်၊ ဆီ(၇၄)ပိဿာ၊ ဆား(၃၇)ပိဿာနှင့် ပဲ(၇၄) ပိဿာ၊ လူမှုဝန်ထမ်းဦးစီးဌာနကမိသားစုများထဲမှမသန်စွမ်းတစ်ဦးအတွက် ငွေကျပ်(၃၀၀၀၀)၊ကိုယ်ဝန် ဆောင်မိခင်တစ်ဦးအတွက် ငွေကျပ်(၅၀၀၀၀)နှင့် အသက်(၉၀)ကျော်အဘိုးတစ်ဦးအတွက် ငွေကျပ် (၁၂၀၀၀၀)၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးဝါးပစ္စည်းမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ရာ ဘုရား ကျောင်းတာဝန်ခံနှင့် မိသားစုဝင်များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် တိုက်ပွဲရှောင်ပြည်သူများ ယာယီနေထိုင်ရေး ဆောက်လုပ်လျက်ရှိသည့် နေအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Visitors: 8,447